ဘာစီလိုနာအသင်းနဲ့ အာဂျင်တီးနား အသင်းတို့ရဲ့ အဓိက ကစားသမား ဖြစ်သူ လီယွန်နယ် မက်ဆီ ကတော့ အသင်းမှာ ဖြစ်နေတဲ့ ပြဿနာတွေ အားလုံးဟာ သူ့ကြောင့် ဖြစ်နေရတာလို့ အထင်ခံရတဲ့ အပေါ် ပင်ပန်းနေပါပြီ လို့ နောက်ဆုံး ပြုလုပ်ခဲ့တဲ့ အင်တာဗျူးမှာ ပြောကြား သွားခဲ့ပါတယ်။ အသက် ၃၃နှစ် အရွယ် တိုက်စစ်မှူး လီယွန်နယ် မက်ဆီဟာ သူ့ရဲ့ ကစားသမား ဘဝ တစ်ခုလုံးကို ဘာစီလိုနာအသင်း မှာသာ မြှုပ်နှံခဲ့တဲ့ ကစားသမား တစ်ဦးဖြစ်ပြီး အသင်းနဲ့အတူ အောင်မြင်မှုပေါင်း များစွာ ရရှိခဲ့သလို ကမ္ဘာ့အကောင်းဆုံး ကစားသမားဆု ၆ကြိမ်ကိုလည်း ဘာစီလိုနာ အသင်းနဲ့အတူ ရယူနိုင်ခဲ့သူလည်း ဖြစ်ပါတယ်။

Photo Credit: Marca

လီယွန်နယ် မက်ဆီဟာ ဘာစီလိုနာ အသင်းရဲ့ သမိုင်းတစ်လျှောက် အကောင်းဆုံး ကစားသမား အဖြစ် သတ်မှတ် ခံထားရပေမယ့် နောက်ပိုင်းနှစ်တွေမှာ အသင်းဆီ အသစ်ရောက်လာတဲ့ ကစားသမားတွေဟာ သူနဲ့ မတည့်ရင် အသင်းမှာ နေရာ မရတော့ဘူး ဆိုတဲ့ သတင်းဆိုးတွေ ထွက်လာခဲ့ပြီး စပိန် မီဒီယာတွေ ကလည်း ဘာစီလိုနာ အသင်းမှာ ဖြစ်ပျက်တဲ့ ကိစ္စရပ်တိုင်းမှာ မက်ဆီဟာ ပါဝင်နေတယ် လို့ ပုံကြီးချဲ့ ရေးသားမှုတွေလည်း ရှိလာပါတယ်။ နောက်ဆုံး ထွက်ပေါ်လာတဲ့ သတင်းဆိုး တစ်ခုကတော့ အက်သလက် တီကို မက်ဒရစ် အသင်းကနေ ဘာစီလိုနာ အသင်းထံ ပြောင်းရွှေ့ကြေး ယူရို ၁၂၀သန်းနဲ့ ပြောင်းရွှေ့လာခဲ့တဲ့ တိုက်စစ်မှူး ဂရစ်ဇ်မန်းနဲ့ မက်ဆီရဲ့ ကြားမှာ ဆက်ဆံရေးတွေ အဆင်မပြေ ဖြစ်နေတဲ့ သတင်း ဖြစ်ပြီး ဂရစ်ဇ်မန်းရဲ့ ဦးလေးဖြစ်သူကပါ မက်ဆီကို လူသိရှင်ကြား ဝေဖန်ခဲ့တဲ့ အထိ ပြဿနာဟာ ကြီးမား ခဲ့ပါတယ်။

Photo Credit: Marca

ယနေ့မနက် အစောပိုင်းမှာ ပြုလုပ်ခဲ့တဲ့ အင်တာဗျူး တစ်ခုမှာတော့ သတင်းသမားဟာ မက်ဆီကို လက်ရှိမှာ ဂရစ်ဇ်မန်းနဲ့ ဆက်ဆံရေး အဆင်မပြေတဲ့ သတင်းတွေဟာ မှန်ကန်မှုရှိရဲ့လား ဆိုပြီး မေးခွန်း ထုတ်ခဲ့ပြီး မက်ဆီကတော့ သူဟာ အသင်းမှာ ဖြစ်တဲ့ ပြဿနာတွေ အားလုံးရဲ့ ပြဿနာကောင် အဖြစ် အထင်ခံနေရတဲ့ အတွက် ပင်ပန်းနေပြီ ဖြစ်ကြောင်း ပြန်ဖြေ သွားခဲ့ပါတယ်။ မက်ဆီက “ အသင်းမှာ ဖြစ်တဲ့ ကိစ္စတိုင်းမှာ အမြဲတမ်း ပြဿနာကောင် အဖြစ် အထင်ခံနေရတာ အတွက် ပင်ပန်းနေပါပြီ” ဆိုပြီး ဖြေကြား သွားခဲ့တာလည်း ဖြစ်ပါတယ်။ လက်ရှိမှာတော့ မက်ဆီရဲ့ ဖြေကြားမှုနဲ့ ပတ်သတ်ပြီး ဘာစီလိုနာ အသင်းရဲ့ ပရိသတ်တွေဟာ မက်ဆီတစ်ယောက် ရာသီကုန်မှာ အသင်းကနေ ထွက်ခွာသွားမှာကို စိုးရိမ် နေကြပါတယ်။