ပြင်သစ် အင်အားကြီးအသင်း ဖြစ်တဲ့ ပီအက်စ်ဂျီအသင်းရဲ့ အဓိက တိုက်စစ်မှူး တဦး ဖြစ်သူ လီယွန်နယ် မက်ဆီဟာ ယခုနှစ် ၂၀၂၁-၂၀၂၂ ဘောလုံးရာသီမှာ ကစားသမားဘဝ တလျှောက် အဆိုးဝါးဆုံး ရာသီအစ စွမ်းဆောင်ရည်ကို ပိုင်ဆိုင်ခဲ့ရကြောင်း သိရပါတယ်။

အသက် ၃၄နှစ် အရွယ် အာဂျင်တီးနား အသင်းခေါင်းဆောင် တိုက်စစ်မှူး လီယွန်နယ် မက်ဆီဟာ ကမ္ဘာ့အကောင်းဆုံး ကစားသမားဆုကို ၇ကြိမ်တိုင်တိုင် ရယူထားနိုင်ခဲ့သူ ဖြစ်ပြီး ဘောလုံးသမိုင်း တလျှောက် အကောင်းဆုံး ကစားသမား ၃ဦးထဲက တဦး အဖြစ် ပရိသတ်တွေရဲ့ သတ်မှတ်ခြင်းကို ခံထားရသူလည်း ဖြစ်ပါတယ်။

Photo Credit: Standard

မက်ဆီဟာ ဘာစီလိုနာအသင်းရဲ့ နာမည်ကျော် လာမာစီယာ အကယ်ဒမီ ကနေ ထွက်ပေါ်လာတဲ့ ကစားသမား တဦး ဖြစ်ပြီး ဘာစီလိုနာအသင်း အတွက် စတင် ကစားပေးခဲ့တဲ့ ၂၀၀၆-၂၀၀၇ ဘောလုံးရာသီကလွဲပြီး ကျန်တဲ့ ဘောလုံးရာသီတိုင်းမှာ ခရစ္စမတ်ကာလ မရောက်မီ အနိမ့်ဆုံး သွင်းဂိုး ၁၀ဂိုး အထိ သွင်းယူနိုင်ခဲ့ကာ အကောင်းဆုံး ဂိုးသွင်းစွမ်းရည်ကို ပိုင်ဆိုင်ခဲ့သူပါ။

ဒါပေမယ့် ယခုနှစ် ဘောလုံးရာသီမှာတော့ မက်ဆီဟာ ကစားသမားဘဝ တလျှောက်လုံး ကစားခဲ့တဲ့ ဘာစီလိုနာအသင်းကို စွန့်ခွာပြီး အသင်းသစ် ပီအက်စ်ဂျီအသင်းထံ ပြောင်းရွှေ့ခဲ့ရကာ နိုင်ငံသစ် ၊ အသင်းသစ်မှာ ပုံမှန် ခြေစွမ်းကောင်းတွေ ပြသနိုင်ဖို့ ရုန်းကန်နေရပါတယ်။

Photo Credit: Standard

မက်ဆီဟာ ယခုနှစ် ဘောလုံးရာသီမှာ ပီအက်စ်ဂျီအသင်း အတွက် ပြိုင်ပွဲစုံမှာ စုစုပေါင်း ၁၆ပွဲ ပါဝင် ကစားပေးခဲ့ရာ သွင်းဂိုး ၆ဂိုးသာ သွင်းယူထားနိုင်ပြီး ဂိုးဖန်တီးမှု ၅ကြိမ် ပြုလုပ်နိုင်ခဲ့ပါတယ်။

ဒါကြောင့် မက်ဆီဟာ ကစားသမားဘဝ တလျှောက် အဆိုးဝါးဆုံး ဂိုးသွင်းနှုန်း တခုနဲ့အတူ စွမ်းဆောင်ရည် အနိမ့်ပါးဆုံး ဘောလုံးရာသီ တခုကို ဖြတ်သန်းနေရပြီး မက်ဆီ တယောက် အရင်လို ဂိုးသွင်းခြေ ပြန်တွေ့ကာ ပီအက်စ်ဂျီအသင်းကို ချန်ပီယံလိဂ် ဆုဖလား ရရှိအောင် ကူညီနိုင်မလား ဆိုတာကို ဆက်လက် စောင့်ကြည့်သွားရမှာပဲ ဖြစ်ပါတယ်။