ပြင်သစ် လီဂူးဝမ်း အင်အားကြီးအသင်း တသင်း ဖြစ်တဲ့ ပီအက်စ်ဂျီရဲ့ ကြယ်ပွင့် တိုက်စစ်မှူး လီယွန်နယ် မက်ဆီဟာ ယခုနှစ် ဘောလုံးရာသီမှာ ဥရောပ ထိပ်သီးလိဂ် ၅ခုအနက် တိုင်အထိဆုံး ကစားသမား ဖြစ်နေကြောင်း မှတ်တမ်းမှတ်ရာတွေ အရ သိရပါတယ်။

အသက် ၃၄နှစ် အရွယ် အာဂျင်တီးနား အသင်းခေါင်းဆောင် လီယွန်နယ် မက်ဆီဟာ ယခုနှစ် ဘောလုံးရာသီ အစကမှ ကစားသမားဘဝ တလျှောက်လုံး ကစားခဲ့တဲ့ ဘာစီလိုနာကို စွန့်ခွာကာ ပီအက်စ်ဂျီဆီ ၃နှစ် သက်တမ်း ရှိတဲ့ စာချုပ်တရပ်နဲ့ ပြောင်းရွှေ့လာခဲ့သူပါ။

Photo Credit: Marca

မက်ဆီဟာ ကမ္ဘာ့အကောင်းဆုံး ကစားသမားဆုကို ၇ကြိမ်တိုင်တိုင် ရရှိထားသူ ဖြစ်တာကြောင့် ပီအက်စ်ဂျီမှာလည်း သူ့ရဲ့ အကောင်းဆုံး ခြေစွမ်းတွေကို ဆက်လက် ရရှိလိမ့်မယ်လို့ ထင်ကြေးပေးမှုတွေ ရှိခဲ့ပေမယ့် မက်ဆီရဲ့ ပြင်သစ်မြေ စွန့်စားခန်း ပွဲဦးထွက် နေ့ရက်တွေကတော့ ထင်ထားသလောက် မချောမွေ့ခဲ့ပါဘူး။

မက်ဆီဟာ သူမတူတဲ့ ပါရမီကြောင့် ဘောလုံးကို ညက်ညက်ညောညော ၊ လှလှပပ ကစားပြတတ်သူ ဖြစ်တာကြောင့် တန်ပြန်တိုက်စစ်ကို အားပြု ကစားလေ့ ရှိတဲ့ ပီအက်စ်ဂျီဆီ စတင် ရောက်ရှိကာစမှာ ပုံမှန် ခြေစွမ်းကောင်း တရပ် ပြသနိုင်ဖို့ ရုန်းကန်ခဲ့ရပြီး ပြင်သစ် လီဂူးဝမ်းရဲ့ ကစားသမားတွေကလည်း မက်ဆီကို ပစ်မှတ်ထား လူချကစားခဲ့ကြပါတယ်။

Photo Credit: Marca

ဒါပေမယ့် အချိန်ကြာလာတာနဲ့အမျှ မက်ဆီရဲ့ ခြေစွမ်းကောင်းတွေကို တစထက် တစ မြင်တွေ့လာရပြီး မက်ဆီဟာ ယခုနှစ် ဘောလုံးရာသီမှာ ပီအက်စ်ဂျီ အတွက် ပြိုင်ပွဲစုံမှာ ၁၉ပွဲ ပါဝင် ကစားပေးခဲ့ရာ သွင်းဂိုး ၇ဂိုး သွင်းယူထားနိုင်ကာ ဂိုးဖန်တီးမှု ၇ကြိမ် ပြုလုပ်နိုင်ခဲ့ပါတယ်။

မက်ဆီဟာ ယခုနှစ် ဘောလုံးရာသီမှာ ဂိုးသွင်းစွမ်းရည် ကျဆင်းနေပေမယ့် သူ့ရဲ့ တဖက်အသင်းကို ခြိမ်းခြောက်နိုင်စွမ်းက ကျဆင်းသွားခြင်း မရှိပဲ နာမည်ကြီး အချက်အလက် စုဆောင်းရေး အဖွဲ့အစည်း တခု ဖြစ်တဲ့ OPTAရဲ့ ဖော်ပြချက်အရ လက်ရှိ ဘောလုံးရာသီမှာ မက်ဆီရဲ့ ကန်ချက်တွေထဲက ၆ကြိမ်တိတိဟာ ဂိုးတိုင်နဲ့သာ မိတ်ဆက်ခဲ့ရပြီး မက်ဆီဟာ ဥရောပရဲ့ တိုင်အထိဆုံး ကစားသမား အဖြစ် မှတ်တမ်းဝင်နေကြောင်း သိရှိထားရပါတယ်။