ပြင်သစ် အင်အားကြီးအသင်း တသင်း ဖြစ်တဲ့ ပီအက်စ်ဂျီရဲ့ အဓိက ကစားသမား တဦး ဖြစ်သူ လီယွန်နယ် မက်ဆီဟာ ယနေ့မနက် အစောပိုင်းမှာ ယှဉ်ပြိုင် ကစားခဲ့တဲ့ ပီအက်စ်ဂျီ ၁-၀ ရီးရဲလ်မက်ဒရစ် ပွဲစဉ်မှာ ပင်နယ်တီ လွဲချော်ခဲ့ပြီးနောက် ချန်ပီယံလိဂ်သမိုင်းမှာ ပင်နယ်တီ လွဲချော်မှု အများဆုံး ကစားသမား အဖြစ် မှတ်တမ်းဝင်ခဲ့ကြောင်း သိရပါတယ်။

အသက် ၃၄နှစ် အရွယ် အာဂျင်တီးနား အသင်းခေါင်းဆောင် တိုက်စစ်မှူး လီယွန်နယ် မက်ဆီဟာ ယခုနှစ် ချန်ပီယံလိဂ် ဘောလုံးရာသီမှာ ၆ပွဲ ပါဝင် ကစားထားရာ သွင်းဂိုး ၅ဂိုး အထိ သွင်းယူထားနိုင်သူလည်း ဖြစ်ပါတယ်။

Photo Credit: UEFA

ပီအက်စ်ဂျီက ရီးရဲလ်မက်ဒရစ်ကို အမ်ဘာပေရဲ့ တလုံးထဲသော နောက်ကျအနိုင်ဂိုးနဲ့ အနိုင်ရခဲ့တဲ့ ပွဲစဉ်မှာ လီယွန်နယ် မက်ဆီဟာ ရီးရဲလ်မက်ဒရစ်ဘက်ကို ပွဲစဉ်တလျှောက်လုံး ဒုက္ခပေးနိုင်ခဲ့ပေမယ့် ပွဲကစားချိန် ၆၂မိနစ်မှာ ရရှိခဲ့တဲ့ ပင်နယ်တီကိုတော့ ဝင်အောင် မကန်သွင်းနိုင်ခဲ့ပါဘူး။

ရီးရဲလ်မက်ဒရစ် ညာနောက်ခံလူ ကာဗာဂျယ်က ပီအက်စ်ဂျီ တိုက်စစ်မှူး အမ်ဘာပေကို ဂိုးဧရိယာအတွင်း လှဲချမိခဲ့တာကြောင့် ပီအက်စ်ဂျီဘက်က ပင်နယ်တီ ကန်သွင်းခွင့် ရခဲ့တာ ဖြစ်ပြီး အဆိုပါ ပင်နယ်တီကို မက်ဆီက တာဝန်ယူ ကန်သွင်းခဲ့ပေမယ့် သူ့ရဲ့ ပင်နယ်တီ ကန်ချက်ကိုတော့ ရီးရဲလ်မက်ဒရစ် ဂိုးသမား ကော်တိုရစ်က အမိအရ ကာကွယ်နိုင်ခဲ့ပါတယ်။

Photo Credit: UEFA

အဆိုပါ ပင်နယ်တီ လွဲချော်မှုကြောင့်ပဲ မက်ဆီဟာ သူ့ရဲ့ ကစားသမား ဘဝမှာ ချန်ပီယံလိဂ်ပြိုင်ပွဲ၌ စုစုပေါင်း ပင်နယ်တီ ၅ကြိမ် အထိ လွဲချော်ခဲ့တဲ့ မှတ်တမ်းဆိုး တရပ်ကို ရရှိခဲ့ပြီး မက်ဆီက သူ့ရဲ့ အသင်းဖော်ဟောင်း တဦး ဖြစ်သူ အွန်နရီ (ပင်နယ်တီ လွဲချော်မှု- ၅ကြိမ်)နဲ့ အတူ ချန်ပီယံလိဂ်သမိုင်းမှာ ပင်နယ်တီ လွဲချော်မှု အများဆုံး ကစားသမား အဖြစ် မှတ်တမ်းဝင်ခဲ့တယ်လို့ သိရပါတယ်။