ပြင်သစ် လီဂူးဝမ်း အင်အားကြီးအသင်း ဖြစ်တဲ့ ပီအက်စ်ဂျီရဲ့ အဓိက တိုက်စစ်မှူး တဦး ဖြစ်သူ လီယွန်နယ် မက်ဆီကတော့ သူတို့အသင်းအနေနဲ့ ယခုနှစ် ဘောလုံးရာသီမှာ ချန်ပီယံလိဂ်ဖလားကို အရယူချင်ရင် စည်းလုံး ညီညွတ်မှု ရှိဖို့ လိုအပ်ကြောင်း အသင်းဖော်တွေကို သတိပေးစကား ပြောကြားသွားခဲ့ပါတယ်။

ပြင်သစ် အင်အားကြီးကလပ် ပီအက်စ်ဂျီဟာ ကာတာသူဌေးတွေရဲ့ ကျောထောက်နောက်ခံကို ရရှိပြီးနောက် ဥရောပရဲ့ အင်အားကြီးအသင်း တသင်း အဖြစ် အလျင်အမြန် ကြီးထွားလာခဲ့ပြီး ပြင်သစ်မြေရှိ ဆုဖလားတွေ အားလုံးကို အဆက်မပြတ် ရယူထားနိုင်ပေမယ့် သူတို့လိုချင်တဲ့ ချန်ပီယံလိဂ်ဖလားကိုတော့ မရသေးပါဘူး။

Photo Credit: Express

ပီအက်စ်ဂျီဟာ ချန်ပီယံလိဂ်ပြိုင်ပွဲမှာ အမြင့်မားဆုံး အောင်မြင်မှု အဖြစ် ဒုတိယနေရာကိုသာ ရရှိဖူးတာကြောင့် ယခုနှစ် ဘောလုံးရာသီမှာ ချန်ပီယံလိဂ် ဆုဖလားကို ရယူနိုင်ဖို့ အတွက် ကမ္ဘာ့အကောင်းဆုံး ကစားသမားဆုကို ၇ကြိမ်တိုင်တိုင် ရယူထားနိုင်တဲ့ မက်ဆီ ၊ ရီးရဲလ်မက်ဒရစ်နဲ့အတူ ချန်ပီယံလိဂ်ဖလားကို ၃နှစ်ဆက် ရယူဖူးတဲ့ ဝါရင့် စပိန်နောက်ခံလူ ရာမို့စ်နဲ့ အီတလီ တံတိုင်းကြီး အဖြစ် တင်စားခံထားရတဲ့ ဂိုးသမား ဒွန်နာရမ်မာတို့ကို ခေါ်ယူ အားဖြည့်ထားပါတယ်။

ဒါပေမယ့် ပီအက်စ်ဂျီဟာ ချန်ပီယံလိဂ် အုပ်စုအဆင့်မှာတော့ မျှော်မှန်းထားသလောက် ရလဒ်ကောင်းတွေ ရရှိခဲ့ခြင်း မရှိပဲ အုပ်စုဒုတိယ နေရာနဲ့သာ ရှုံးထွက်အဆင့်ဆီ တက်လှမ်းနိုင်ခဲ့တာကြောင့် လာလီဂါ ထိပ်သီးကလပ် ရီးရဲလ်မက်ဒရစ်နဲ့ ၁၆သင်း ရှုံးထွက်အဆင့်မှာ ထိပ်တိုက် တွေ့ဆုံခဲ့ရပြီး ၁၆သင်း ရှုံးထွက်အဆင့် ပထမအကျော့မှာ ရီးရဲလ်မက်ဒရစ်ကို အိမ်ကွင်းမှာ ဧည့်ခံကစားရင်း ၁-၀ ဆိုတဲ့ ရလဒ်နဲ့ အနိုင်ရခဲ့ပါတယ်။

Photo Credit: Express

ပီအက်စ်ဂျီရဲ့ အဓိက တိုက်စစ်မှူး လီယွန်နယ် မက်ဆီကတော့ အိမ်ကွင်းမှာ ရီးရဲလ်မက်ဒရစ်ကို ၁-၀ ဆိုတဲ့ ရလဒ်နဲ့ အနိုင်ရခဲ့တဲ့ ပွဲစဉ်ပြီးနောက် သူတို့ဟာ နောက်တဆင့်ဆီ တက်လှမ်းနိုင်ဖို့ အနည်းငယ် အခြေအနေ ကောင်းသွားခဲ့ပေမယ့် ချန်ပီယံလိဂ်ဖလားကို အရယူချင်ရင် စည်းလုံး ညီညွတ်စွာ ကြိုးစားဖို့ လိုအပ်ကြောင်း အသင်းဖော်တွေကို တိုက်တွန်း အကြံပေးသွားခဲ့ပါတယ်။

လီယွန်နယ် မက်ဆီက – “ချန်ပီယံလိဂ်ပြိုင်ပွဲမှာ ဗိုလ်စွဲဖို့ ဆိုတာ အတော်လေး ခက်ခဲပါတယ်။ ဘာကြောင့်လဲ ဆိုတော့ ဒီပြိုင်ပွဲမှာ ရှိနေတဲ့ အသင်းတိုင်းက အကောင်းဆုံး အသင်းတွေ ဖြစ်သလို သေးငယ်တဲ့ အမှားတခုကပဲ ခင်ဗျားကို ပြိုင်ပွဲကနေ ထွက်လိုက်ရအောင် လုပ်ဆောင်နိုင်ပါတယ်။ ကျွန်တော်တို့အသင်း ကတော့ ချန်ပီယံလိဂ်ပြိုင်ပွဲမှာ ဗိုလ်စွဲနိုင်တဲ့ အရည်အသွေးမျိုး ပိုင်ဆိုင်ထားတယ်လို့ ထင်ပါတယ်။ ကျွန်တော်တို့ အသင်းရဲ့ အစီအမံတွေနဲ့ ရည်မှန်းချက်တွေကြောင့်လည်း ကျွန်တော်တို့ အားလုံး စိတ်အားထက်သန်နေပါတယ်။ ဒါပေမယ့် ကျွန်တော်တို့တွေ စိတ်အေးအေး ထားဖို့လည်း လိုပါတယ်။ ပြီးတော့ ဒါဟာ ချန်ပီယံလိဂ်ပြိုင်ပွဲပါ။ အကောင်းဆုံးအသင်းက အမြဲတမ်း နိုင်နေမယ် ဆိုတဲ့ နေရာမျိုး မဟုတ်ပါဘူး။ ကျွန်တော်တို့တွေက တိုက်စစ်ဆင်တဲ့ နေရာမှာရော ၊ ခံစစ်ကစားတဲ့ နေရာမှာပါ စုစည်း ညီညွတ်မှု အပြည့်နဲ့ ကစားမှသာ ချန်ပီယံလိဂ်ပြိုင်ပွဲကို ဗိုလ်စွဲနိုင်မှာပါ” လို့ ပြောကြားသွားခဲ့တာပါ။