စပိန်လာလီဂါ အင်အားကြီးအသင်း ဖြစ်တဲ့ ဘာစီလိုနာအသင်းနဲ့ အာဂျင်တီးနား လက်ရွေးစင်အသင်းတို့ရဲ့ အသင်းခေါင်းဆောင် လီယွန်နယ် မက်ဆီကတော့ သူဟာ မကြာခင်မှာ ကျင်းပတော့မယ့် ၂၀၂၁ ကိုပါအမေရိက ပြိုင်ပွဲကို အာဂျင်တီးနားအသင်းနဲ့ အတူ ဗိုလ်စွဲနိုင်ဖို့ ပစ်မှတ်ထား ကြိုးစားနေကြောင်း နောက်ဆုံး ပြုလုပ်ခဲ့တဲ့ အင်တာဗျူးမှာ ဖွင့်ဟ ပြောကြား သွားခဲ့ပါတယ်။ အသက် ၃၃နှစ် အရွယ် အာဂျင်တီးနား လက်ရွေးစင် လီယွန်နယ် မက်ဆီဟာ ကမ္ဘာ့အကောင်းဆုံး ကစားသမားဆုကို ၆ကြိမ်တိုင် ရရှိထားသလို မိခင်ကလပ် ဖြစ်တဲ့ ဘာစီလိုနာအသင်းနဲ့ ဆုဖလားပေါင်းစုံကို ရရှိခဲ့ပေမယ့် လက်ရွေးစင်အသင်း ဖြစ်တဲ့ အာဂျင်တီးနားအသင်းနဲ့ ဆုဖလားတလုံးမှ ရယူနိုင်သေးခြင်း မရှိပါဘူး။

Photo Credit: Metro

မက်ဆီဟာ အာဂျင်တီးနားအသင်းနဲ့ အတူ ကမ္ဘာ့ဖလား ဗိုလ်လုပွဲ ၊ ကိုပါအမေရိကဖလား ဗိုလ်လုပွဲတို့ကို ရောက်ဖူးခဲ့ပေမယ့် အဆိုပါပွဲစဉ်တွေ အားလုံးမှာ အရေးနိမ့်ခဲ့ကာ ဒုတိယဆုတွေနဲ့သာ ကျေနပ်ခဲ့ရသူပါ။ ဒါကြောင့်ပဲ မက်ဆီဟာ ယခုနှစ်မှာ ကျင်းပမယ့် ကိုပါအမေရိကဖလားကို အရယူဖို့ စိတ်ပိုင်းဖြတ်ထားပြီး အာဂျင်တီးနားအသင်းဟာ အောင်ပွဲတွေကို ဆာလောင်နေပြီလို့ ကြုံးဝါးသွားခဲ့ပါတယ်။ ၂၀၂၁ ကိုပါအမေရိက ပြိုင်ပွဲမှာ အာဂျင်တီးနားအသင်းဟာ အုပ်စု Aကနေ ပါဝင် ယှဉ်ပြိုင်ရမှာ ဖြစ်ပြီး အဆိုပါ အုပ်စုထဲမှာတော့ အာဂျင်တီးနား ၊ ဥရုဂွေး ၊ ဘိုလီဗီးယား ၊ ပါရာဂွေး စတဲ့ အသင်းတွေ ပါဝင်ပါတယ်။

Photo Credit: Metro

၂၀၂၁ ကိုပါအမေရိကပြိုင်ပွဲကို ဗိုလ်စွဲဖို့ ပစ်မှတ်ထား ကြိုးစားနေတဲ့ အကြောင်းကို မက်ဆီက – “ကျွန်တော် အရမ်း စိတ်လှုပ်ရှားနေပြီး ပြိုင်ပွဲအတွက် စိတ်အားထက်သန်မှုလည်း အပြည့်ပါပဲ။ ကျွန်တော်တို့တွေ မှန်ကန်တဲ့ ရလဒ် (ကိုပါအမေရိကပြိုင်ပွဲကို ဗိုလ်စွဲခြင်း) ကို ရရှိအောင် ကြိုးစားသွားမှာပါ။ ပြီးခဲ့တဲ့ ကိုပါအမေရိက ပြိုင်ပွဲမှာ ကျွန်တော်တို့ဟာ ပုံရိပ်ကောင်းတခုကို ချန်နိုင်ခဲ့ပါတယ်။ (ဒုတိယဆု ရရှိခြင်း) ဒါပေမယ့် ကျွန်တော်တို့ အဲ့ဒီနေရာမှာပဲ ရပ်နေလို့ မရပါဘူး။ ဒီထက် ပိုပြီး ကောင်းမွန်အောင် ကြိုးစားရမှာပါ။ ခြေစစ်ပွဲအဆင့် ပွဲတွေမှာ ကျွန်တော်တို့တွေ အကောင်းဆုံး ကစားနိုင်ခဲ့ပါတယ်။ အဲ့ဒီပွဲတွေကို ကစားခဲ့တာက အတော်ကို ကြာခဲ့သလို ဒီကြားထဲမှာ ကျွန်တော်တို့တွေ အတူတူ မလေ့ကျင့်နိုင်ခဲ့ပေမယ့် ကျွန်တော်တို့တွေ ပုံမှန်ခြေစွမ်းကို အမြန်ဆုံး ရရှိဖို့နဲ့ ဒီထက်ပိုပြီး တိုးတက်လာဖို့ ကြိုးစားနေပါတယ်။ လက်ရွေးစင်အသင်းနဲ့ ကစားရတဲ့ အချိန်တိုင်းက စိတ်လှုပ်ရှားစရာ ကောင်းပါတယ်။ ဘယ်လိုပွဲစဉ်ပဲ ဖြစ်ဖြစ်ပါ။ ကျွန်တော်တို့တွေ အမြဲတမ်း နိုင်ချင်ပါတယ်။ ကျွန်တော့်ရဲ့ ပန်းတိုင်က အမြဲတမ်း တူညီပါတယ်” လို့ ပြောကြား သွားပါတယ်။