အာဂျင်တီးနားအသင်းရဲ့ ထိပ်တန်းကစားသမားဖြစ်သူ လီယွန်နယ်မက်ဆီဟာ ဒီနေ့ မနက်အစောပိုင်းမှာ ဘိုလစ်ဗီးယားအသင်းနဲ့ ကစားသွားခဲ့တဲ့ ကမ္ဘာ့ဖလားခြေစစ်ပွဲစဉ်အတွင်း အသင်းအတွက် ဟက်ထရစ်သွင်းယူခဲ့တာကြောင့် အခုဆိုရင် သူရဲ့ တောင်အမေရိကပြိုင်ပွဲတွေအတွင်း သွင်းဂိုးအရေအတွက်က (၇၉)ဂိုးအထိ ရှိလာခဲ့တာကြောင့် ဘရာဇီးလ် ဂန္တဝင်ကစားသမားကြီး ပီလီရဲ့ သွင်းဂိုးပမာဏကို ကျော်လွန်ကာ တောင်အမေရိက အမျိုးသား ဘောလုံးသမားတွေထဲကမှ ဂိုးအများသွင်းယူနိုင်သူအဖြစ် ရပ်တည်နိုင်လာခဲ့ပါတယ်။

Photo Credit : Selección Argentina Twitter

အသက်(၃၄)နှစ်အရွှယ်ရှိ အာဂျင်တီးနား Legend ကစားသမား မက်ဆီဟာ ဘိုလစ်ဗီးယားအသင်းနဲ့ ယှဉ်ပြိုင်ခဲ့တဲ့ ပွဲစဉ်မှာ လက်ရွေးစင်အသင်းအတွက် သွင်းဂိုး(၃)ဂိုး သွင်းယူပေးခဲ့ကာ အသင်းကလည်း သူ့သွင်းဂိုးတွေနဲ့ နိုင်ပွဲရရှိခဲ့သလို မက်ဆီကိုယ်တိုင်ကလည်း ပီလီရဲ့သွင်းဂိုး (၇၇)ဂိုးကို ကျော်လွန်ပြီး တောင်အမေရိကရဲ့ သွင်းဂိုးအများဆုံး ကစားသမား(အမျိုးသား)တစ်ဦး ဖြစ်လာခဲ့ရပါတယ်။ ဒါပေမယ့် တောင်အမေရိကရဲ့ အမျိုးသား အမျိုးသမီး ဘောလုံးသမားတွေ အားလုံးထဲမှာတော့ ဘရာဇီးလ်အမျိုးသမီးအသင်းရဲ့ ကစားသမားကြီး မာတာက သွင်းဂိုးစုစုပေါင်း (၁၀၉)ဂိုးနဲ့ ထိပ်ဆုံးမှာ ရပ်တည်လျက် ရှိနေပါသေးတယ်။

Photo Credit : Selección Argentina Twitter

ဘိုလစ်ဗီးယားနဲ့ ပွဲစဉ်အပြီး အာဂျင်တီးနားအသင်းဟာ သူတို့ရဲ့ အာဂျင်တီးနား ပရိသတ်တွေ ရှေ့မှောက်မှာ မကြာသေးခင်ကမှ ရရှိပိုင်ဆိုင်ခဲ့တဲ့ ကိုပါအမေရိက ဆုဖလားကြီးကို ကိုင်မြှောက်အောင်ပွဲခံခဲ့ရာ ဒီအောင်ပွဲနဲ့ပတ်သက်ပြီး မက်ဆီက”ကျွန်တော် ဒီလိုပျော်ရွှင်မှုမျိုးကို ရရှိဖို့အတွက် တကယ်ကို ဆန္ဒရှိနေခဲ့တာပါ။ ဒီအရာကိုလည်း ကျွန်တော် အကြာကြီး စောင့်ဆိုင်းခဲ့ရတယ်။ ဒီအရာကို ပိုင်ဆိုင်ဖို့အတွက် စိတ်ကူးအိမ်မက်တွေ ရှိထားခဲ့ဖူးသလို ကြိုးစားအားထုတ်မှုတွေလည်း လုပ်ဆောင်ခဲ့ရတယ်။ အရမ်းကို စောင့်ဆိုင်းထားခဲ့ပြီးမှ ဖြစ်ပေါ်လာတဲ့ အရာဖြစ်လို့ တကယ့်ကို ထူးခြားဝမ်းမြောက်ဖို့ကောင်းတဲ့ အခိုက်အတန့်တစ်ခုပါပဲ။ ဒီအောင်မြင်မှုကို ဒီနေရာမှာ (အာဂျင်တီးနားအသင်းရဲ့အိမ်ကွင်း) ကျင်းပဖို့ထက် ပိုကောင်းတဲ့အရာ မရှိတော့ပါဘူး။ ကျွန်တော်ရဲ့အမေနဲ့ ညီအစ်ကိုတွေကလည်း ကွင်းထဲမှာ ရှိနေကြတယ်။ သူတို့လည်း ကျွန်တော်ရဲ့အောင်မြင်မှုအတွက် အတော်လေးကို ဝမ်းသာနေကြမှာ။ ကျွန်တော်လည်း အရမ်းပျော်ရွှင်နေရပါတယ်” လို့ ပြောဆိုသွားခဲ့ပါတယ်။ မက်ဆီဟာ ဘိုလစ်ဗီးယားအသင်းနဲ့ ရင်ဆိုင်ခဲ့ရတဲ့ ပွဲစဉ်ပေါင်း (၁၁)ပွဲအတွင်းမှာ အခုဟက်ထရစ်သွင်းဂိုးတွေ အပါအဝင် သွင်းဂိုးပေါင်း (၈)ဂိုးအထိ သွင်းယူထားနိုင်ခဲ့သလို ၂၀၂၂ခုနှစ် ကမ္ဘာ့ဖလားခြေစစ်ပွဲ (တောင်အမေရိကဇုန်)မှာလည်း သွင်းဂိုး(၅)ဂိုးအထိ သွင်းယူထားနိုင်ခဲ့ပါတယ်။