စပိန်လာလီဂါ အင်အားကြီး အသင်းတစ်သင်း ဖြစ်တဲ့ ဘာစီလိုနာ အသင်းရဲ့ အဓိက ကစားသမား တစ်ဖြစ်လဲ အသင်းခေါင်းဆောင် လီယွန်နယ် မက်ဆီဟာ ယနေ့မနက် အစောပိုင်းမှာ ကစားခဲ့တဲ့ ဘာစီလိုနာ အသင်းနဲ့ ဗယ်လာဒိုးလစ် အသင်းတို့ရဲ့ ပွဲစဉ်မှာ အသင်းအတွက် သွင်းဂိုး တစ်ဂိုး သွင်းယူ ပေးနိုင်ခဲ့ပြီး နောက်မှာတော့ ဘရာဇီးလ်အသင်းနဲ့ ဆန်းတို့စ်အသင်းရဲ့ ဂန္တဝင် တိုက်စစ်မှူးကြီး ပီလီရဲ့ ချိုးဖျက်ရ ခက်ခဲတဲ့ ဂိုးသွင်းစံချိန်ကောင်း တစ်ခုကို ကျော်ဖြတ်နိုင်ခဲ့ကြောင်း သိရပါတယ်။ အသက် ၃၃နှစ် အရွယ် ရှိနေပြီ ဖြစ်တဲ့ ဘာစီလိုနာ အသင်းနဲ့ အာဂျင်တီးနား အသင်းတို့ရဲ့ အသင်းခေါင်းဆောင် လီယွန်နယ် မက်ဆီဟာ ပီလီရဲ့ ဘောလုံးသမိုင်း တစ်လျှောက် အသင်းတစ်သင်းထဲ အတွက် သွင်းဂိုး အများဆုံး သွင်းယူ ပေးနိုင်ခဲ့တဲ့ ကစားသမား ဆိုတဲ့ စံချိန်ကို ကျော်ဖြတ်နိုင်ခဲ့တာလည်း ဖြစ်ပါတယ်။

Photo Credit: Marca

ဘာစီလိုနာ အသင်းက ဗယ်လာဒိုးလစ် အသင်းကို အဝေးကွင်းမှာ ၀-၃ ဆိုတဲ့ ရလဒ်နဲ့ ဂိုးပြတ် နိုင်ခဲ့တဲ့ ပွဲစဉ်မှာ မက်ဆီဟာ ဘာစီလိုနာ အသင်းရဲ့ တိုက်စစ်ပိုင်းကို ဦးဆောင်လာခဲ့ပြီး အသင်းအတွက် တစ်ဂိုး သွင်းကာ တစ်ဂိုး ဖန်တီးပေးနိုင်ခဲ့ပြီး အဆိုပါ ပွဲစဉ်ရဲ့ အကောင်းဆုံး ကစားသမားဆုကို ရရှိခဲ့ပါတယ်။ ဗယ်လာဒိုးလစ် အသင်းနဲ့ ပွဲစဉ်မှာ သွင်းဂိုး တစ်ဂိုး သွင်းယူနိုင်ခဲ့ပြီး နောက်မှာတော့ မက်ဆီရဲ့ ဘာစီလိုနာ ကစားသမားဘဝ သွင်းဂိုးဟာ စုစုပေါင်း ၆၄၄ဂိုးအထိ ရှိလာခဲ့ပါတယ်။ ဘရာဇီးလ်အသင်းရဲ့ ဂန္တဝင် တိုက်စစ်မှူး ပီလီဟာ သူ့ရဲ့ ဆန်းတို့စ် ကစားသမားဘဝမှာ ဆန်းတို့စ်အသင်း အတွက် သွင်းဂိုး ၆၄၃ဂိုး အထိ သွင်းယူ ပေးနိုင်ခဲ့တာကြောင့် ဘောလုံးသမိုင်း တစ်လျှောက် အသင်းတစ်သင်းထဲ အတွက် သွင်းဂိုး အများဆုံး သွင်းယူပေးနိုင်ခဲ့တဲ့ ကစားသမား ဆိုတဲ့ စံချိန်ကို ရရှိထားတာ ဖြစ်ပြီး လက်ရှိမှာတော့ သူ့ရဲ့ စံချိန်ကို မက်ဆီအား လွှဲပြောင်း ပေးခဲ့ရပါတယ်။

Photo Credit: Marca

ဘာစီလိုနာ အသင်းနဲ့အတူ ကမ္ဘာ့အကောင်းဆုံး ကစားသမားဆုကို ခြောက်ကြိမ်တိုင်တိုင် ရရှိထားတဲ့ လီယွွန်နယ် မက်ဆီကတော့ ပီလီရဲ့ စံချိန်ကောင်းကို ချိုးဖြတ်နိုင်ခဲ့မှု အပေါ် အတော်လေး ပျော်ရွှင်နေပြီး ဗယ်လာဒိုးလစ် အသင်းနဲ့ ပွဲစဉ်အပြီးမှာတော့ သူ့ရဲ့ ခံစားချက်တွေကို အင်စတာဂရမ်ကနေ တဆင့် ပရိသတ်တွေဆီ မျှဝေပေးခဲ့ပါတယ်။ ပီလီရဲ့ စံချိန်ကို ကျော်ဖြတ်နိုင်ခဲ့ပြီးနောက် မက်ဆီက “ကျွန်တော် ဘောလုံးစကစားတုန်းက အခုလိုမျိုး စံချိန်ကောင်းတွေကို ချိုးဖြတ်နိုင်လိမ့်မယ် လို့ တစ်ခါမှ မတွေးမိပါဘူး။ ပြီးတော့ ပီလီရဲ့ ဂိုးသွင်း စံချိန်ကောင်းကို ကျွန်တော်က ချိုးဖြတ်နိုင်လိမ့်မယ် ဆိုတာကို ပိုပြီးတော့တောင် မတွေးမိခဲ့ပါဘူး။ ဒီလို စံချိန်ကောင်းတွေ အတွက် ဒီနှစ်တွေ အတွင်းမှာ ကျွန်တော့်ရဲ့ အနားမှာ ရှိနေခဲ့တဲ့ ကျွန်တော့်ရဲ့ အသင်းဖော်တွေ ၊ မိသားစုဝင်တွေ ၊ သူငယ်ချင်းတွေ ၊ ကျွန်တော့်ကို နေ့တိုင်း အားပေးတဲ့ လူတွေ အားလုံးကို ကျေးဇူးအများကြီး တင်ပါတယ်။ နွေးထွေးစွာ ပွေ့ဖက်လျက်” ဆိုပြီး ဖော်ပြ သွားခဲ့တာ ဖြစ်ပါတယ်။