ပြင်သစ် လီဂူးဝမ်း အင်အားကြီးအသင်း ဖြစ်တဲ့ ပီအက်စ်ဂျီနဲ့ အာဂျင်တီးနားတို့ရဲ့ ကြယ်ပွင့် တိုက်စစ်မှူး လီယွန်နယ် မက်ဆီဟာ ကမ္ဘာ့ဖလားပြိုင်ပွဲ ကျင်းပဖို့ ၂ပတ်သာ လိုအပ်တော့ချိန်မှာပဲ လေ့ကျင့်ရေးကွင်းမှာ ဖနောင့်ကြောဒဏ်ရာ ရသွားတာကြောင့် ယနေ့ညမှာ ယှဉ်ပြိုင် ကစားမယ့် လိုရီးယန့်နဲ့ ပီအက်စ်ဂျီတို့ရဲ့ ပွဲစဉ်ကို လွဲချော်တော့မယ်လို့ သိရပါတယ်။

အသက် ၃၅နှစ် အရွယ် အာဂျင်တီးနား အသင်းခေါင်းဆောင် ကြယ်ပွင့် တိုက်စစ်မှူး လီယွန်နယ် မက်ဆီက အာဂျင်တီးနား အတွက်ရော ၊ ပီအက်စ်ဂျီ အတွက်ပါ မရှိမဖြစ် ကစားသမား တဦး ဖြစ်ပြီး သူဟာ ယခုနှစ် ဘောလုံးရာသီမှာ ပီအက်စ်ဂျီ အတွက် ပြိုင်ပွဲစုံမှာ ၁၈ပွဲ ပါဝင် ကစားပေးထားရာ သွင်းဂိုး ၁၂ဂိုး သွင်းယူထားကာ ဂိုးဖန်တီးမှု ၁၄ကြိမ် ပြုလုပ်ထားနိုင်ပါတယ်။

Photo Credit: Mirror

ဒါကြောင့်ပဲ မက်ဆီက သူ့ရဲ့ အကောင်းဆုံးပုံစံကို ရနေတယ်လို့ ဆိုရမှာ ဖြစ်ပြီး မက်ဆီရဲ့ ခြေစွမ်းကောင်းတွေ ရနေမှုကြောင့် မက်ဆီ ဦးဆောင်လာမယ့် အာဂျင်တီးနားဟာ ၂၀၂၂ ကမ္ဘာ့ဖလားပြိုင်ပွဲရဲ့ ချန်ပီယံ ဖြစ်လိမ့်မယ် ဆိုတဲ့ ခန့်မှန်းချက်တွေလည်း ထွက်ပေါ်နေပါတယ်။

ဒါပေမယ့် မက်ဆီက လိုရီးယန့်နဲ့ ပီအက်စ်ဂျီပွဲ အတွက် လေ့ကျင့်ခန်းတွေ လုပ်ခဲ့ရာမှာ မထင်မှတ်ပဲ ဖနောင့်ကြောဒဏ်ရာ ရရှိသွားခဲ့ပြီး လက်ရှိမှာတော့ ပီအက်စ်ဂျီရဲ့ ဆေးအဖွဲ့က မက်ဆီရဲ့ ဒဏ်ရာကို စစ်ဆေးမှုတွေ ပြုလုပ်နေပြီး မက်ဆီဟာ ကမ္ဘာ့ဖလားပြိုင်ပွဲ ကျင်းပဖို့ နီးကပ်နေချိန်မှာ ဒဏ်ရာရသွားတဲ့ အပေါ် စိုးရိမ်မှုတွေ ရှိနေကြောင်း နာမည်ကြီး သတင်းဌာန တခု ဖြစ်တဲ့ Daily Mail သတင်းဌာနက ဆိုပါတယ်။

Photo Credit: Mirror

ပီအက်စ်ဂျီကတော့ မက်ဆီရဲ့ ဒဏ်ရာအခြေအနေဟာ အသေးစား ဒဏ်ရာသာ ဖြစ်တာကြောင့် စိတ်ပူစရာ မလိုအပ်ကြောင်းနဲ့ မက်ဆီဟာ ၁ပတ် ဝန်းကျင် အနားယူလိုက်ရင် ပြန်လည် သက်သာလာနိုင်ကြောင်း ထုတ်ပြန် ကြေညာထားပါတယ်။

အာဂျင်တီးနား ပရိသတ်တွေက ဖနောင့်ကြောဒဏ်ရာ ရနေတဲ့ မက်ဆီကို စိတ်ပူနေကြပြီး ပီအက်စ်ဂျီဟာ မက်ဆီကို ကမ္ဘာ့ဖလားပြိုင်ပွဲမတိုင်မီ အထိ နောက်ထပ်ပွဲတွေ မကစားခိုင်းသင့်တော့ကြောင်း တောင်းဆိုမှုတွေလည်း ပြုလုပ်နေကြပါတယ်။