ဘာစီလိုနာအသင်းရဲ့ သမိုင်းတစ်လျှော​က် အကောင်းဆုံး ကစားသမားအဖြစ် သတ်မှတ် ခံထားရသလို ဘောလုံးသမိုင်းတစ်လျှောက်ရဲ့ အကောင်းဆုံး ကစားသမားတွေထဲက တစ်ဦး အဖြစ်ပါ သတ်မှတ်ခံထားရတဲ့ အာဂျင်တီနား လူမျိုး လီယွန်နယ်မက်ဆီကတော့ လက်ရှိမှာ ထွက်ပေါ်နေတဲ့ ဘာစီလိုနာအသင်းကနေ သူ ထွက်ခွာတော့မယ်ဆိုတဲ့ သတင်းတွေဟာ သတင်းမှားတွေ ဖြစ်ပါတယ်လို့ တုန့်ပြန် ပြောဆိုသွားခဲ့ပါတယ်။ လတ်တလောမှာ ဘာစီလိုနာအသင်းရဲ့ အသင်းတွင်းအခြေအနေဟာ အနည်းငယ် ဆိုးရွားလာတာကြောင့် မက်ဆီအနေနဲ့ ဘာစီလိုနာအသင်းကနေ ထွက်ခွာဖို့ စဉ်းစားလာတယ်လို့ ဖော်ပြတဲ့ သတင်းတွေ ထွက်ပေါ် နေသလို စီးရီးအေကလပ် အင်တာမီလန် အသင်းကလည်း မက်ဆီကို ခေါ်ယူဖို့အတွက် လေသံပစ်နေခဲ့တာပါ။

Photo Credit: Metro.com

အဆိုပါသတင်းတွေကြောင့် ဘာစီလိုနာ အသင်းရဲ့ ပရိသတ်တွေဟာ မက်ဆီအနေနဲ့ အသင်းကနေ အမှန်တကယ် ထွက်ခွာသွားမှာလားဆိုပြီး စိုးရိမ်နေကြတာဖြစ်ကာ အဆိုပါ သတင်းတွေနဲ့ ပတ်သတ်ပြီး မက်ဆီက သူ့ရဲ့ အင်စတာဂရမ် အကောင့်ကနေ သတင်းမှားတွေ ဆိုပြီး ပြန်လည် ဖြေရှင်းသွားပါတယ်။ ဒါ့အပြင် မက်ဆီက ပါရာဂွေးနိုင်ငံမှာ အကျဉ်းချခံထားရတဲ့ သူ့ရဲ့အသင်းဖော်ဟောင်း ရော်နယ်ဒင်ဟိုကို သူ့အနေနဲ့ ငွေကြေးထောက်ပံ့မှုတွေ ပြုလုပ်ခဲ့ပါတယ်ဆိုတဲ့ သတင်းတွေဟာလဲ သတင်းမှားတွေ ဖြစ်တယ်လို့ တစ်ပါတည်း ပြောကြားသွားခဲ့ပါတယ်။ ရော်နယ်ဒင်ဟိုဟာ နိုင်ငံကူးလက်မှတ် အတုလုပ်ကာ ပါရာဂွေးနိုင်ငံထဲကို ဝင်ရောက် ခဲ့ရာကနေ ဖမ်းဆီးခံထားရတာဖြစ်ပြီး လက်ရှိမှာတော့ အာမခံနဲ့အတူ ပြန်လွတ်လာခဲ့တဲ့သူပါ။

Photo Credit: Metro.com

ယခုရက်ပိုင်းမှာ ကျယ်ကျယ်ပြန့်ပြန့် ထွက်ပေါ်နေတဲ့ သတင်းတွေနဲ့ ပတ်သတ်ပြီး မက်ဆီက အဆိုပါ သတင်းနှစ်ခုစလုံးဟာ အတုအယောင်တွေ ဖြစ်ကြောင်း သူ့ရဲ့ အင်စတာဂရမ် အကောင့်ကနေတဆင့် ပရိသတ်တွေကို ပြောပြ သွားခဲ့တာပါ။ မက်ဆီက ” သတင်းမှားတွေကို ပြောပြစရာ ရှိပါတယ်။ ပထမတစ်ခုကတော့ မက်ဆီက အင်တာကို သွားတော့မယ်ဆိုတဲ့ သတင်းပါ။ ဒုတိယတစ်ခုကတော့ မက်ဆီဟာ ရော်နယ်ဒင်ဟိုကို ပိုက်ဆံတွေ ပေးခဲ့တယ်ဆိုတဲ့ သတင်းပါ။ ပြီးတော့ လွန်ခဲ့တဲ့ရက်သတ္တပတ် အနည်းငယ်တုန်းကတော့ ထွက်ပေါ်ခဲ့တဲ့ နယူးဝဲလ်အိုဘွိုင်းအသင်းနဲ့ သတင်းတွေကလည်း အမှားတွေပါပဲ ” လို့ ဖြေရှင်းသွားခဲ့တာပဲ ဖြစ်ပါတယ်။ ကဲ မက်ဆီနဲ့ ဘာစီလိုနာပရိသတ်တွေ ကတော့ လွတ်လွတ်လပ်လပ် ပျော်လို့ရပါပြီ။