မနေ့ညက ကျင်းပပြုလုပ်ခဲ့တဲ့ ဖီဖာရဲ့တစ်နှစ်တာအကောင်းဆုံး 2020 FIFA The Best Awards ဆုပေးပွဲမှာ အဓိကဆုတစ်ခုဖြစ်တဲ့ တစ်နှစ်တာအကောင်းဆုံး ဘောလုံးသမားဆုကို ပြီးခဲ့တဲ့ဘောလုံးရာသီအတွင်း အကောင်းဆုံးခြေစွမ်းပြပြီး သွင်းဂိုးတွေများစွာလည်း သွင်းယူနိုင်ခဲ့တဲ့ ဘိုင်ယန်မြူးနစ်အသင်းရဲ့ တိုက်စစ်ကစားသမား ရောဘတ်လီဝန်ဒေါစကီးက ခရစ္စတီယာနိုရော်နယ်ဒိုနဲ့ လီယွန်နယ်မက်ဆီတို့ကို ကျော်ဖြတ်ပြီး ပထမဆုံးအကြိမ်အဖြစ် ပိုင်ဆိုင်သွားခဲ့ရပါတယ်။

Photo Credit : Twitter

အသက်(၃၂)အရွှယ်ရှိ ပိုလန်လက်ရွေးစင် တိုက်စစ်ကစားသမား လီဝန်ဒေါစကီးဟာ ပြီးခဲ့တဲ့ရာသီတုန်းက ဘိုင်ယန်အသင်းနဲ့အတူ ဖလား(၃)လုံးအထိ ရယူနိုင်ခဲ့သလို ပြိုင်ပွဲစုံ(၄၇)ပွဲအတွင်းမှာလည်း သွင်းဂိုး(၅၅)ဂိုးအထိ သွင်းယုနိုင်ခဲ့တာကြောင့် အခုလို ဖီဖာရဲ့တစ်နှစ်တာအကောင်းဆုံးကို ပိုင်ဆိုင်ခဲ့ရတာဖြစ်ပြီး နောက်ပိုင်းမှ ထွက်ပေါ်လာခဲ့တဲ့ အဆင့်သတ်မှတ်ချက်တွေအတွင်းမှာတော့ လီဝန်ဒေါစကီးရဲ့နောက် ဒုတိယနေရာမှာ ရော်နယ်ဒိုက ရှိနေခဲ့ပြီး တတိယနေရာမှာတော့ မက်ဆီက ရှိနေရပါတယ်။

Photo Credit : Goal

တတိယနေရာကို ရောက်ရှိနေခဲ့ရတဲ့ ဘာစီလိုနာအသင်းခေါင်းဆောင် တိုက်စစ်ကစားသမား လီယွန်နယ်မက်ဆီကတော့ သူ့အတွက် တစ်နှစ်တာအကောင်းဆုံး ကစားသမား(၃)ယောက်စာရင်းကို ထုတ်ပြန်လာခဲ့ရာမှာ သူရဲ့မဟာပြိုင်ဘက် ရော်နယ်ဒိုကို ထည့်သွင်းခဲ့ခြင်းမရှိပဲ သူနဲ့ အပြောင်းအရွှေ့ကောလဟာလတွေ ထွက်ပေါ်လို့နေတဲ့ ပီအက်စ်ဂျီအသင်းရဲ့ တိုက်စစ်ကြယ်ပွင့်(၂)ဦးကိုသာ ရွေးချယ်လို့ထားပါတယ်။ မက်ဆီက လီဝန်ဒေါစကီးကို သူရဲ့အကောင်းဆုံးကစားသမား(၃)ယောက်စာရင်းမှာ ထိပ်ဆုံးနေရာကနေ ထည့်သွင်းထားခြင်းမရှိပဲ အသင်းဖော်ဟောင်းနေမာကိုပဲ နံပါတ်တစ်နေရာမှာ ရွေးထားပြီး နေမာရဲ့ပီအက်စ်ဂျီအသင်းဖော်ဘာပေကို ဒုတိယနေရာမှာ ရွေးချယ်ထားကာ လီဝန်ဒေါစကီးကိုတော့ တတိယနေရာမှာ ထားရှိထားပါတယ်။ သူရဲ့အကောင်းဆုံးကစားသမားစာရင်းထဲမှာ ရော်နယ်ဒိုကို ချန်လှပ်ထားခဲ့ပေမယ့် ရော်နယ်ဒိုကတော့ သူ့အတွက် အကောင်းဆုံးကစားသမား(၃)ထဲမှာတော့ မက်ဆီကို ထည့်သွင်းထားခဲ့ပြီး လီဝန်ဒေါစကီးကို ပထမနေရာကထားပြီး မက်ဆီကို ဒုတိယနေရာကနေ ရွေးချယ်ခဲ့ပါတယ်။ ဒါ့အပြင် ဘာပေကိုလည်း တတိယနေရာကနေ ရွေးချယ်လို့ထားပါသေးတယ်။ ၂၀၁၆ခုနှစ်ကနေ ပုံစံတစ်မျိုးနဲ့ ပြောင်းလဲကျင်းပခဲ့တဲ့ FIFA The Best ဆုပေးပွဲမှာ အကောင်းဆုံးကစားသမားဆုကို ရော်နယ်ဒိုက(၂)ကြိမ် မက်ဆီ မိုဒရစ်နဲ့ လီဝန်ဒေါစကီးတို့က (၁)ကြိမ်စီ ဆွတ်ခူးထားနိုင်ခဲ့ပါတယ်။