ပြင်သစ် အင်အားကြီးအသင်း ဖြစ်တဲ့ ပီအက်စ်ဂျီအသင်းဟာ ယနေ့မနက် အစောပိုင်းမှာ ယှဉ်ပြိုင် ကစားခဲ့တဲ့ ပြင်သစ်လီဂူးပွဲစဉ်မှာ လိုင်ယွန်အသင်းကို အသင်းရဲ့ လူစားဝင် တိုက်စစ်မှူး အိုင်ကာဒီရဲ့ နောက်ကျအနိုင်ဂိုးနဲ့ အနိုင်ရရှိခဲ့ပေမယ့် အသင်းရဲ့ ကြယ်ပွင့် ကစားသမား မက်ဆီနဲ့ နည်းပြပိုချက်တီနိုတို့ ကြားမှာ အဖုအထစ်တွေ ရှိခဲ့ကြောင်း သိရပါတယ်။

ပီအက်စ်ဂျီအသင်းဟာ အိမ်ကွင်းမှာ ကစားရတဲ့ ပွဲစဉ်ဖြစ်တာကြောင့် လိုင်ယွန်အသင်းကို အပြတ်အသတ် ချေမှုန်းဖို့ အတွက် အသင်းရဲ့ အဓိက တိုက်စစ် ကစားသမားတွေ ဖြစ်တဲ့ မက်ဆီ ၊ နေမာ ၊ အမ်ဘာပေနဲ့ ဒီမာရီယာတို့ လေးဦးစလုံးကို ထုတ်သုံးခဲ့ပေမယ့် သူတို့လေးဦးကြားမှာ နားလည်မှုတွေ လွဲချော်နေတာကြောင့် သွင်းဂိုးတွေ ရရှိဖို့ ခက်ခဲခဲ့ပါတယ်။

Photo Credit: Yahoo Sports

ဒါကြောင့်ပဲ ပီအက်စ်ဂျီအသင်းရဲ့ နည်းပြပိုချက်တီနိုက ဒုတိယပိုင်းမှာ ကစားကွက်ပိုင်းဆိုင်ရာ အပြောင်းအလဲ များစွာကို ပြုလုပ်ခဲ့ပြီး မက်ဆီကိုလည်း ပွဲကစားချိန် ၇၆မိနစ်မှာ ညာနောက်ခံလူ ဟာခီမီနဲ့ လူစားလဲကာ အသင်းရဲ့ ကစားကွက်ကို ၃-၅-၂ ပုံစံ ပြောင်းလဲခဲ့ပါတယ်။

အဲ့ဒီနောက်မှာတော့ ပီအက်စ်ဂျီအသင်းဟာ လိုင်ယွန်အသင်းကို တဖက်သတ် နီးပါး ဖိအားပေး ကစားနိုင်ခဲ့ပေမယ့် မက်ဆီကတော့ လူစားလဲ ခံခဲ့ရတဲ့ အတွက် ပိုချက်တီနိုကို မကျေမနပ် ဖြစ်ကာ အရန်ခုံသို့ ထွက်ခွာလာချိန် ပိုချက်တီနိုက လက်ဆွဲနှုတ်ဆက်ဖို့ ကြိုးစားတာကို သိသိသာသာ လျစ်လျူရှုခဲ့ပြီး အဆိုပါ ဖြစ်ရပ်တွေကို ရုပ်သံတွေမှာ မြင်တွေ့ခဲ့ရပါတယ်။

Photo Credit: Yahoo Sports

ဒါပေမယ့် လိုင်ယွန်အသင်းနဲ့ ပွဲစဉ်ပြီးဆုံးချိန်မှာတော့ ပိုချက်တီနိုက မက်ဆီနဲ့ သူ့ရဲ့ကြားမှာ ပြဿနာတွေ မရှိကြောင်း ရှင်းလင်း ပြောကြားခဲ့ပြီး နည်းပြတဦးက ကစားသမားတွေကို စိတ်ကြိုက် ရွေးချယ်ပိုင်ခွင့် ရှိကြောင်းလည်း ပြောဆိုခဲ့ပါတယ်။

အသက် ၃၄နှစ် အရွယ် အာဂျင်တီးနား အသင်းခေါင်းဆောင် လီယွန်နယ် မက်ဆီဟာ ပီအက်စ်ဂျီအသင်းမှာ အထိုင်ကျဖို့ ထင်ထားတာထက် ပိုမို ရုန်းကန်နေရပြီး အသင်းအတွက် ၃ပွဲ ပါဝင် ကစားပြီးချိန်မှာ သွင်းဂိုး တဂိုးမှ သွင်းယူထားနိုင်ခြင်း မရှိသလို ဂိုးဖန်တီးမှုတွေလည်း မပြုလုပ်နိုင်ခဲ့ပါဘူး။