အာဂျင်တီးနား အသင်းခေါင်းဆောင် လီယွန်နယ် မက်ဆီဟာ ပြင်သစ် အင်အားကြီးကလပ် ပီအက်စ်ဂျီအသင်းထံ ပြောင်းရွှေ့ပြီးနောက် သူ့ရဲ့ အသင်းသစ် အတွက် မိနစ်ပိုင်း အတွင်း ဝင်ငွေ သန်းပေါင်းများစွာ ရရှိအောင် ကူညီနိုင်ခဲ့ကြောင်း သိရပါတယ်။

အသက် ၃၄နှစ် အရွယ် ဝါရင့် တိုက်စစ်မှူးကြီး မက်ဆီဟာ ငယ်စဉ်ကတည်းက ကစားလာခဲ့တဲ့ ဘာစီလိုနာအသင်း ကနေ အလွတ် ပြောင်းရွှေ့ကြေးနဲ့ ထွက်ခွာလာပြီးနောက် ပီအက်စ်ဂျီအသင်းထံ ၂နှစ် + နောက်ထပ် ၁နှစ် ထပ်မံ သက်တမ်းတိုးနိုင်မယ့် စာချုပ်တရပ်နဲ့ ပြောင်းရွှေ့ခဲ့သူပါ။

Photo Credit: Evening Standard

မက်ဆီဟာ ပီအက်စ်ဂျီအသင်းမှာ တနှစ်ကို အခွန်ဆောင်ပြီး လုပ်ခလစာ ယူရို ၂၅သန်း ရရှိမှာ ဖြစ်ပြီး ဆုကြေးငွေတွေကိုပါ ထည့်ပေါင်းရင်တော့ သူ့ရဲ့ အခွန်ဆောင်ပြီး တနှစ် လုပ်ခလစာဟာ ယူရို ၃၅သန်း အထိ မြင့်တက်သွားနိုင်ပါတယ်။

မက်ဆီကို မြင့်မားတဲ့ လုပ်ခလစာ ပေးချေကာ ခေါ်ယူခဲ့တဲ့ အတွက် ပီအက်စ်ဂျီအသင်းရဲ့ လုပ်ရပ်ကို ဝေဖန်သူတွေ ရှိနေပေမယ့် မက်ဆီကြောင့် ပီအက်စ်ဂျီအသင်းရဲ့ လူမှုကွန်ယက် စာမျက်နှာတွေကို Follow လုပ်ခဲ့တဲ့ ပရိသတ် အရေအတွက်ဟာ သန်း ၃၀ကျော် အထိ ရှိခဲ့သလို ပီအက်စ်ဂျီအသင်းရဲ့ တန်ဖိုးကလည်း မြင့်တက်သွားခဲ့ပါတယ်။

Photo Credit: Evening Standard

အဲ့ဒါအပြင် မက်ဆီကို ခေါ်ယူနိုင်ကြောင်း ကြေညာအပြီး ၂၇မိနစ်အတွင်းမှာပဲ ပီအက်စ်ဂျီအသင်းဟာ အသင်းရဲ့ ဝက်ဘ်ဆိုဒ်ကနေ တဆင့် မက်ဆီရဲ့ နာမည်နဲ့ ကျောနံပါတ်တို့ ပါဝင်တဲ့ ဝတ်စုံ အရေအတွက် ၂သိန်းကျော် အထိ ရောင်းချခဲ့ရပြီး ပစ္စည်း ပြတ်လပ်တဲ့ အထိ ဖြစ်သွားခဲ့ကြောင်း သိရပါတယ်။

မက်ဆီရဲ့ နာမည်နဲ့ ကျောနံပါတ်တို့ ပါဝင်တဲ့ ဝတ်စုံတစုံရဲ့ တန်ကြေးဟာ ၁၀၈ ယူရို တန်ကြေး ရှိတာကြောင့် ပီအက်စ်ဂျီအသင်းဟာ ၂၇မိနစ်အတွင်း ဝတ်စုံရောင်းအားကြောင့် ဝင်ငွေ ယူရို ၂၁သန်းကျော် ရရှိခဲ့ကြောင်း ပီအက်စ်ဂျီအသင်းနဲ့ နီးစပ်သူတွေက အတည်ပြုခဲ့ပါတယ်။