အာဂျင်တီးနား လက်ရွေးစင်အသင်းရဲ့ အသင်းခေါင်းဆောင် လီယွန်နယ် မက်ဆီက ယမန်နေ့ညမှာ ကမ္ဘာ့ဖလား အဖွင့်ပွဲ အဖြစ် အုပ်စုတွင်း အင်အားအနည်းဆုံး ပြိုင်ဘက်အဖြစ် သတ်မှတ်ခံထားရတဲ့ ဆော်ဒီအာရေဗျနဲ့ ယှဉ်ပြိုင် ကစားခဲ့ရာ ၁-၂ ဆိုတဲ့ ရလဒ်နဲ့ အမှတ်မထင် အရေးနိမ့်ခဲ့ရပြီးနောက် သူတို့အသင်းဟာ ဆော်ဒီအာရေဗျကို ရှုံးသင့်လို့ အရှုံးပေးခဲ့ရတာပါလို့ ဝန်ခံသွားခဲ့ပါတယ်။

အာဂျင်တီးနားက ကမ္ဘာ့ဖလား အုပ်စုအဆင့်မှာ ပိုလန် ၊ မက္ကဆီကို ၊ ဆော်ဒီအာရေဗျ စတဲ့ အသင်းတွေနဲ့ တအုပ်စုထဲ ကျရောက်နေတာကြောင့် အုပ်စုဗိုလ်အဖြစ်နဲ့ နောက်တဆင့်ဆီ တက်ရောက်နိုင်လိမ့်မယ်လို့ ထင်ကြေးပေးခံခဲ့ရပေမယ့် အုပ်စုအဖွင့်ပွဲမှာတင် ရှုံးပွဲနဲ့ ကြုံတွေ့ခဲ့ရတာကြောင့် ရှုံးထွက်အဆင့်ဆီ တက်ရောက်နိုင်ဖို့ အသည်းအသန် ကြိုးစားရတော့မှာပါ။

Photo Credit: AP News

အာဂျင်တီးနားက အုပ်စုအဖွင့်ပွဲ အဖြစ် ဆော်ဒီအာရေဗျနဲ့ ရင်ဆိုင် ကစားခဲ့ရာ ပထမပိုင်းမှာ ဆော်ဒီအာရေဗျကို တဖက်သတ် ဖိအားပေး ကစားနိုင်ခဲ့သလို ဂိုးသွင်းခွင့်တွေလည်း အမြောက်အမြား ရခဲ့ပေမယ့် လူကျွံဘော ဖြစ်ခဲ့မှုတွေ ၊ တိုက်စစ်မှူးတွေရဲ့ အခွင့်အရေးတွေကို အပိုင် အသုံးမချနိုင်မှုတွေကြောင့် မက်ဆီရဲ့ ပင်နယ်တီ သွင်းဂိုး ၁ဂိုးထဲနဲ့သာ ကျေနပ်ခဲ့ရပါတယ်။

ဆော်ဒီအာရေဗျကတော့ အာဂျင်တီးနားကို ပွဲစပွဲဆုံး ခံစစ်အနေအထားနဲ့ ရင်ဆိုင် ယှဉ်ပြိုင်သွားခဲ့ကာ သူတို့ရဲ့ တန်ပြန်တိုက်စစ်တွေ ကနေ တဆင့်ပဲ အာဂျင်တီးနားကို ဒုက္ခပေးနိုင်ဖို့ ကြိုးစားသွားခဲ့ပြီး ဆော်ဒီအာရေဗျရဲ့ တန်ပြန်တိုက်စစ် နည်းဗျူဟာဟာ အလုပ်ဖြစ်ခဲ့ကာ ပွဲချိန် ၄၈မိနစ်နဲ့ ၅၄မိနစ်တို့မှာ အယ်-ရှီဟာရီနဲ့ အယ်-ဒါဝါဆရီတို့က ဆော်ဒီအာရေဗျ အတွက် အဖိုးတန် ချေပဂိုးနဲ့ အနိုင်ဂိုးတွေကို အသီးသီး သွင်းယူပေးခဲ့ကြပါတယ်။

Photo Credit: AP News

မထင်မှတ်ပဲ ချေပဂိုးနဲ့ ဦးဆောင်ဂိုးတွေ ခွင့်ပြုပေးခဲ့ရပြီးနောက် အာဂျင်တီးနားက ချေပဂိုးနဲ့ အနိုင်ဂိုးတွေ ရရှိအောင် ကြိုးစား ကစားခဲ့ပေမယ့် ဆော်ဒီအာရေဗျရဲ့ မာကျောတဲ့ ခံစစ်ကြောင်းကို မကျော်လွှားနိုင်ခဲ့တာကြောင့် ၁-၂ ဆိုတဲ့ ရလဒ်နဲ့သာ ပွဲပြီးဆုံးခဲ့ကာ အာဂျင်တီးနား အတွက် မလှပတဲ့ အဖွင့်ပွဲ တပွဲ ဖြစ်သွားခဲ့ပါတယ်။

ဆော်ဒီအာရေဗျကို ရှုံးနိမ့်ခဲ့ပြီးနောက် အာဂျင်တီးနား အသင်းခေါင်းဆောင် လီယွန်နယ် မက်ဆီက သူတို့အသင်းရဲ့ ခြေစွမ်းဟာ ရှုံးပွဲနဲ့ ထိုက်တန်မှု ရှိခဲ့ကြောင်း ဝန်ခံသွားခဲ့ပါတယ်။ မက်ဆီက – “ဒီရှုံးပွဲ အတွက် ဆင်ခြေတွေ ပေးစရာ မရှိပါဘူး။ ဒီရှုံးပွဲက လူတိုင်းအတွက် အတော်လေးကို ထိခိုက်စေခဲ့တဲ့ ရှုံးပွဲတပွဲပါ။ ကျွန်တော်တို့က အဖွင့်ပွဲမှာ ဒီလိုမျိုး ရလဒ် ရလာလိမ့်မယ်လို့ မထင်ထားပါဘူး။ ကျွန်တော်တို့အသင်းက ခါတိုင်းထက် ပိုပြီး စည်းလုံးဖို့ လိုအပ်လာပါပြီ။ ကျွန်တော်တို့အသင်းက အသင်းကောင်း တသင်းပါ။ ဒါကို ကျွန်တော်တို့တွေ ပြသနိုင်ရပါမယ်။ ကျွန်တော်တို့က ဒီနေ့လို ဆိုးဝါးတဲ့ အခြေအနေမျိုးနဲ့ မရင်ဆိုင်ခဲ့ရတာ အတော်လေးကို ကြာနေပါပြီ။ အခုတော့ ကျွန်တော်တို့က အသင်းကောင်း တသင်း ဖြစ်တယ် ဆိုတာကို ပြသရပါတော့မယ်။ အရာရာတိုင်းက ဖြစ်သင့်လို့ ဖြစ်ရတာချည်းပါပဲ။ (ရှုံးပွဲအား ရည်ရွယ်လျက်) ကျွန်တော်တို့က ဖြစ်လာနိုင်တဲ့ အရာတွေ အတွက် ကြိုတင် ပြင်ဆင်ထားရပါမယ်။ ကျွန်တော်တို့က လာမယ့်ပွဲတွေမှာ အနိုင်ရလဒ်တွေ ရအောင် ယူရပါမယ်” လို့ ထုတ်ဖော် ပြောကြားသွားခဲ့တာပါ။