ယနေ့မနက် အစောပိုင်းမှာ ကျင်းပ ပြီးစီးခဲ့တဲ့ ရွှေဘောလုံးဆုပေးပွဲမှာ ၂၀၂၂-၂၀၂၃ ဘောလုံးရာသီရဲ့ ကမ္ဘာ့အကောင်းဆုံး ကစားသမားဆုကို သိမ်းပိုက် ရရှိခဲ့တဲ့ အာဂျင်တီးနား အသင်းခေါင်းဆောင် လီယွန်နယ် မက်ဆီက လာမယ့်နှစ်တွေမှာ ပြင်သစ်ကြယ်ပွင့် အမ်ဘာပေနဲ့ နော်ဝေကြယ်ပွင့် အာလင်း ဟာလန်းတို့ဟာ ကမ္ဘာ့အကောင်းဆုံး ကစားသမားဆုကို ရရှိမယ့် ကစားသမားတွေ ဖြစ်ကြောင်း ရွှေဘောလုံးဆုပေးပွဲ အခမ်းအနားမှာ ထုတ်ဖော် ပြောကြားသွားခဲ့ပါတယ်။

အသက် ၃၆နှစ် အရွယ် အာဂျင်တီးနား အသင်းခေါင်းဆောင် ကြယ်ပွင့် တိုက်စစ်မှူး လီယွန်နယ် မက်ဆီက ပြီးခဲ့တဲ့ ၂၀၂၂နှစ် အတွင်းမှာ အာဂျင်တီးနားနဲ့အတူ ကမ္ဘာ့ဖလားကို ကိုင်မြှောက်နိုင်ခဲ့တာကြောင့် ကမ္ဘာ့အကောင်းဆုံး ကစားသမားဆု ဖြစ်တဲ့ ရွှေဘောလုံးဆုကို ထိုက်ထိုက်တန်တန် ဆွတ်ခူးနိုင်ခဲ့တာပါ။

Photo Credit: Standard

လီယွန်နယ် မက်ဆီက ပြီးခဲ့တဲ့ ဘောလုံးရာသီမှာ သူ့ရဲ့ အသင်းဟောင်း ပီအက်စ်ဂျီ အတွက် ပြိုင်ပွဲစုံမှာ ၄၁ပွဲ ပါဝင် ကစားပေးခဲ့ရာ သွင်းဂိုး ၂၁ဂိုး အထိ သွင်းယူနိုင်ခဲ့ပြီး ဂိုးဖန်တီးမှု ၂၀ကြိမ် ပြုလုပ်နိုင်ခဲ့သလို ကမ္ဘာ့ဖလားပြိုင်ပွဲမှာလည်း အာဂျင်တီးနား အတွက် ၇ပွဲ ပါဝင် ကစားပေးခဲ့ရာ သွင်းဂိုး ၇ဂိုး သွင်းယူပေးနိုင်ခဲ့သလို ဂိုးဖန်တီးမှု ၃ကြိမ် လုပ်ပေးနိုင်ခဲ့ပါတယ်။

သူ့ရဲ့ သူမတူတဲ့ စွမ်းဆောင်ရည်ကောင်းတွေကြောင့် လီယွန်နယ် မက်ဆီက ၂၀၂၂ ကမ္ဘာ့ဖလားပြိုင်ပွဲရဲ့ အကောင်းဆုံး ကစားသမားဆုကို ဆွတ်ခူးနိုင်ခဲ့သလို ကမ္ဘာ့ဖလား အောင်မြင်မှုကြောင့်ပဲ ကစားသမား ဘဝ ၈ကြိမ်မြောက် ရွှေဘောလုံးဆုကို သိမ်းပိုက် ရယူနိုင်ခဲ့တာပါ။

Photo Credit: SBS Sports

ရွှေဘောလုံးဆုပေးပွဲမှာ မက်ဆီက အကောင်းဆုံး ကစားသမားဆုကို ဆွတ်ခူးနိုင်ခဲ့ပြီး မက်ဆီရဲ့ အနောက်မှာတော့ မန်ချက်စတာ စီးတီး တိုက်စစ်မှူး အာလင်း ဟာလန်းက ဒုတိယ အကောင်းဆုံး ကစားသမား အဖြစ် သတ်မှတ်ခံခဲ့ရသလို ပီအက်စ်ဂျီ ကြယ်ပွင့် တိုက်စစ်မှူး အမ်ဘာပေဟာ တတိယ အကောင်းဆုံး ကစားသမား ဆိုတဲ့ နေရာကို ရရှိခဲ့ပါတယ်။

ရွှေဘောလုံး ဆုပေးပွဲမှာတော့ မက်ဆီက လာမယ့်နှစ်တွေမှာ ရွှေဘောလုံးဆုကို ရရှိမယ့် ကစားသမားတွေကို ပြောပြသွားခဲ့ပြီး အဆိုပါ ကစားသမားတွေကတော့ အာလင်း ဟာလန်းနဲ့ ကိုင်လီယန် အမ်ဘာပေတို့ပဲ ဖြစ်ပါတယ်။ မက်ဆီက – “ဟာလန်းနဲ့ အမ်ဘာပေတို့ဟာ တနေ့မှာ ရွှေဘောလုံးဆုကို ဆွတ်ခူးကြပါလိမ့်မယ်။ ဟာလန်းက အခု ကျွန်တော် ရထားတဲ့ ဆုကို ရဖို့ အတော်လေး ထိုက်တန်တဲ့ ကစားသမားပါ။ သူက ချန်ပီယံလိဂ် ရတယ်။ ပရီးမီးယားလိဂ် ရတယ်။ ပြီးတော့ များပြားတဲ့ ရွှေဖိနပ်ဆုတွေကိုလည်း ရခဲ့ပါတယ်။ ဒါကြောင့် မင်းက ဒီနေ့မှာ ရွှေဘောလုံးဆုရှင် ဖြစ်ဖို့ အတော်လေး နီးစပ်ခဲ့ပါတယ်။ (ဟာလန်းကို ကြည့်လျက်) လာမယ့်နှစ်မှာ မင်းက ရွှေဘောလုံးဆု ရမယ် ဆိုတာ သေချာပါတယ်” လို့ ထုတ်ဖော် ပြောကြားသွားခဲ့တာပါ။