ယနေ့ ညနေပိုင်းမှာ ထွက်ပေါ်လာခဲ့တဲ့ သတင်းတစ်ပုဒ် ကတော့ စပိန်ဘောလုံး လောက တစ်ခုလုံးနဲ့ ကမ္ဘာ့ ဘောလုံးလောက တစ်ခုလုံးကို တုန်လှုပ် သွားစေခဲ့ပါတယ်။ အဆိုပါ သတင်း ကတော့ စပိန် အင်အားကြီး အသင်းတစ်သင်း ဖြစ်တဲ့ ဘာစီလိုနာ အသင်းဟာ လာမယ့် ဇန်နဝါရီလ မတိုင်မီမှာ လက်ရှိ ကစားသမားတွေကို ပေးချေ နေရတဲ့ လုပ်ခလစာ ပမာဏရဲ့ ၃၀ရာခိုင်နှုန်းကို မလျှော့ချနိုင်ခဲ့ပါက ဒေဝါလီ ခံရမယ့် အနေအထားနဲ့ ရင်ဆိုင်နေရတဲ့ သတင်းပဲ ဖြစ်ပါတယ်။ ဘာစီလိုနာ အသင်းလိုမျိုး ကမ္ဘာ့ထိပ်တန်း အသင်းကြီး တစ်သင်းအနေနဲ့ အခုလို ဖြစ်ရပ်မျိုးနဲ့ ရင်ဆိုင် နေရတာဟာ ဘောလုံးလောကမှာ ရှိတဲ့ လူတွေကို အတော်လေး အံ့အား သင့်စေခဲ့ပြီး စပိန် အခြေစိုက် သတင်းဌာန တစ်ခုဖြစ်တဲ့ Rac1 သတင်းဌာန ရဲ့ ဖော်ပြချက် အရတော့ ဘာစီလိုနာ အသင်းဟာ ကစားသမားတွေကို လုပ်ခလစာ မြင့်မားစွာ ပေးချေ နေရတာကြောင့် အခုလို အကြပ်အတည်းနဲ့ ရင်ဆိုင်နေရတာ ဖြစ်ကြောင်း သိရပါတယ်။

Photo Credit: Rac1

ထွက်ပေါ်လာတဲ့ သတင်းတွေ အရတော့ ဘာစီလိုနာ အသင်းဟာ သူတို့အသင်းရဲ့ အဓိက ဝင်ငွေကို ကွင်းဝင်ကြေးတွေ ၊ ကမ္ဘာလှည့် ခရီးသွားတွေဆီ ကနေ ရရှိတာ ဖြစ်ကြောင်း သိရပြီး လက်ရှိ အချိန်မှာ ကိုရိုနာဗိုင်းရပ် ပျံ့နှံ့နေတာကြောင့် ဝင်ငွေ နည်းပါး သွားတာကြောင့် အခုလို ဖြစ်ရပ်မျိုးနဲ့ ရင်ဆိုင်ခဲ့ရတာပဲ ဖြစ်ပါတယ်။ ဒါ့အပြင် ပျံ့နှံ့လာတဲ့ အတွင်းသတင်းတွေ အရ ဘာစီလိုနာ အသင်းဟာ အသင်းရဲ့ အဓိက ကစားသမား လီယွန်နယ် မက်ဆီကို တစ်နှစ်လုပ်ခ ပေါင် ၆၀သန်းကျော် ပေးချေ နေရသလို နှစ်တစ်နှစ် ကုန်ဆုံးတိုင်းမှာ အပိုဆုကြေး ပေါင် ၁၃သန်း ပေးနေရကြောင်း သိရပါတယ်။

Photo Credit: Rac1

မက်ဆီရဲ့ လုပ်ခလစာကို သေချာ တွက်ချက် ကြည့်ပါက မက်ဆီဟာ တစ်ပတ်မှာ ပေါင် ၉၈၈၀၀၀ အထိ ရရှိနေပြီး မက်ဆီရဲ့ လုပ်ခ လစာများပြားမှုနဲ့ မြင့်မားတဲ့ ဆုကြေးငွေဟာ ဘာစီလိုနာ အသင်းရဲ့ ဘဏ္ဏာရေး ကို ထိခိုက်စေတဲ့ အဓိက အရာတစ်ခု ဖြစ်ကြောင်း ကျွမ်းကျင်သူတွေက သုံးသပ် ထားကြပါတယ်။ ဒါ့အပြင် ဘာစီလိုနာမြို့ အခြေစိုက် သတင်းဌာနတွေရဲ့ အဆိုအရ ဘာစီလိုနာ အသင်းရဲ့ တာဝန်ရှိသူတွေဟာ လက်ရှိမှာ အသင်းရဲ့ ကစားသမားတွေကို လစာငွေ လျှော့ချဖို့ ကြိုးစား လုပ်ဆောင်နေပေမယ့် မက်ဆီ ဦးဆောင်တဲ့ ကစားသမား အများစုဟာ ဘာစီလိုနာ အသင်းရဲ့ စီမံမှုကို လိုက်နာဖို့ ငြင်းဆန် ထားကြကြောင်း သိရပါတယ်။ လက်ရှိမှာတော့ ဘာစီလိုနာ အသင်းရဲ့ တာဝန်ရှိသူတွေဟာ ကစားသမားတွေကို လစာငွေ လျှော့ချဖို့ ဆက်လက် ကြိုးစား နေဆဲဖြစ်ပြီး ယခုရက်ပိုင်း အတွင်းမှာတော့ အသေးစိတ် အခြေအနေကို ထပ်မံ သိရှိရမှာ ဖြစ်ကြောင်း သိရပါတယ်။