MySport Myanmar

မေဂျာလိဂ် ရာသီအကုန်မှာ အေးဆေး အနားယူသွားမယ်လို့ မက်ဆီ ဆို

အင်တာ မိုင်ယာမီအသင်းရဲ့ အာဂျင်တီးနား စူပါစတား ကစားသမား လီယွန်နယ် မက်ဆီက မေဂျာလိဂ် ဘောလုံးရာသီအကုန်မှာ အငှားအပြောင်းအရွှေ့တွေ လုပ်ဆောင်သွားမှာ မဟုတ်ပဲ စိတ်အေးလက်အေးနဲ့သာ အနားယူသွားမယ်လို့ ဖွင့်ဟသွားခဲ့ပါတယ်။

မက်ဆီက လာမယ့် (၂၂)ရက်နေ့မှာ မိုင်ယာမီအသင်းအတွက် ဒီရာသီ မေဂျာလိဂ်အပိတ်ပွဲကို ကစားပြီးသွားတာနဲ့ (၄)လလောက်အထိ အနားယူရတော့မှာဖြစ်လို့ သူ့ကို အသင်းဟောင်း ဘာစီလိုနာ နဲ့ ဆော်ဒီကလပ်တွေ ကာလတို အငှားနဲ့ ခေါ်ယူဖို့ စိတ်ဝင်စားနေကြပါတယ်။

Photo Credit : Clutch Points

ဒါပေမယ့် မက်ဆီကိုယ်တိုင်ကတော့ သူ့အတွက် အားလပ်ချိန် ရရှိချိန်မှာ အာဂျင်တီးနားအတွက် ကစားပေးရင်း တစ်လနီးပါးခန့်လောက်လည်း အနားယူသွားမှာ ဖြစ်ကာ နောက်တစ်လကိုတော့ မိုင်ယာမီရဲ့ ရာသီကြိုအတွက်သာ ပြင်ဆင်သွားမယ်လို့ ပြောဆိုလာခဲ့ပါတယ်။

“မိုင်ယာမီအတွက် လာမယ့် ပွဲစဉ်ကို ကျွန်တော် ပါဝင်သွားပါမယ်။ နိုဝင်ဘာလထဲမှာ ကျွန်တော်ရဲ့ နိုင်ငံအသင်းအတွက် အကောင်းဆုံးနည်းလမ်းနဲ့ ပါဝင်လို့ရအောင် လေ့ကျင့်သွားပါမယ်။ ဒါတွေ ပြီးဆုံးသွားရင်တော့ ကျွန်တော် အာဂျင်တီးနားမှာပဲ အနားယူသွားပါမယ်။”

Photo Credit : Los Angeles Times

“ဒါက ဒီဇင်ဘာလို လမျိုးလို ပထမဆုံးအကြိမ်အဖြစ်နဲ့ နားရက်တွေ အများကြီး ရရှိတာဖြစ်လို့ ဒီအားလပ်ရက်တွေကို ကျွန်တော် မိသားစုတွေ မိတ်ဆွေတွေနဲ့ စိတ်အေးလက်အေး ဖြတ်သန်းသွားပါမယ်။ ဇန်နဝါရီလထဲမှာတော့ မိုင်ယာမီအတွက် ရာသီကြို ပြင်ဆင်မှုတွေ လုပ်ဆောင်သွားပါမယ်။” လို့ မက်ဆီက ပြောဆိုသွားခဲ့ပါတယ်။

မက်ဆီရဲ့ အာဂျင်တီးနားအသင်းဟာ လာမယ့် နိုဝင်ဘာလအတွင်းမှာ ၂၀၂၆ ကမ္ဘာ့ဖလား ခြေစစ်ပွဲစဉ်တွေအဖြစ် ဘရာဇီးလ် ဥရုဂွေးတို့လို ပြိုင်ဘက်ကောင်းတွေနဲ့ ရင်ဆိုင်သွားရမှာဖြစ်လို့ မက်ဆီက နိုဝင်ဘာလထဲ ဒီပွဲတွေအတွက်ကိုသာ အာရုံစိုက်သွားမှာဖြစ်ပြီး တခြားအသင်းတွေဆီ အငှားပြောင်းရွှေ့နိုင်တယ်ဆိုတဲ့ သတင်းတွေကိုလည်း ငြင်းဆန်သွားခဲ့ပါတယ်။

Exit mobile version