အင်္ဂလန် ပရီးမီးယားလိဂ်ကို အားပေးကြတဲ့ ပရိသတ်တွေ ကတော့ လူမှုကွန်ယက်တွေ ကနေ တဆင့် ဘာစီလိုနာ အသင်းရဲ့ အဓိက တိုက်စစ်မှူး မက်ဆီနဲ့ ဂျူဗင်တပ် အသင်းရဲ့ တိုက်စစ်မှူး ရိုနယ်ဒိုတို့ကို ပရီးမီးယားလိဂ်မှာ လာရောက် ကစားကြဖို့ တိုက်တွန်း နေကြပါတယ်။ တစ်ချိန်က ကမ္ဘာ့အကောင်းဆုံး ကစားသမားဆုကို ဆယ်စုနှစ် တစ်ခုတိုင်အောင် နှစ်ဦးထဲ တစ်လှည့်စီ ယူခဲ့ကြတဲ့ မက်ဆီနဲ့ ရိုနယ်ဒိုတို့ဟာ လက်ရှိမှာ ကစားသမားဘဝ နောက်ဆုံး အပိုင်းအခြားတွေကို ရောက်ရှိနေသလို မိခင်အသင်းတွေနဲ့လည်း အဆင်မပြေ ဖြစ်နေတာကြောင့် အသင်းပြောင်းဖို့ နာမည်ကြီးနေသူတွေ ဖြစ်ကြပြီး သူတို့နှစ်ဦးကို ခေါ်ယူဖို့ အတွက် မန်ချက်စတာမြို့ခံ နှစ်သင်းဖြစ်တဲ့ မန်စီးတီးအသင်းနဲ့ မန်ယူအသင်းတို့က ရေပန်းစား နေကြပါတယ်။

Photo Credit: Express

ဘာစီလိုနာ အသင်းနဲ့ အာဂျင်တီးနား အသင်းရဲ့ အဓိက တိုက်စစ်မှူး ဖြစ်တဲ့ မက်ဆီဟာ လက်ရှိ ဘောလုံးရာသီ အကုန်မှာ ဘာစီလိုနာ အသင်းနဲ့ ချုပ်ဆိုထားတဲ့ စာချုပ်သက်တမ်း ကုန်ဆုံးမှာ ဖြစ်ပြီး လတ်တလောမှာ ဘာစီလိုနာ အသင်းဟာ ဘဏ္ဏာရေး အကြပ်အတည်းနဲ့ ရင်ဆိုင်နေရတာကြောင့် သူတို့အသင်း အနေနဲ့ မက်ဆီကို အသင်းမှာ ဆက်လက် ထိန်းသိမ်းထားဖို့ အခက်အခဲတွေ ရှိနေကာ မက်ဆီဟာလည်း ဆရာဟောင်း ဂွာဒီယိုလာရှိရာ မန်စီးတီးအသင်းထံ ပြောင်းရွှေ့ ကစားဖို့ ရေပန်းစား နေပါတယ်။ တစ်ဖက်မှာတော့ ဂျူဗင်တပ်အသင်းနဲ့ ပေါ်တူဂီအသင်းရဲ့ အဓိက တိုက်စစ်မှူး ရိုနယ်ဒိုကို ခေါ်ယူဖို့ သူ့ရဲ့ အသင်းဟောင်း ဖြစ်တဲ့ မန်ယူအသင်းက ကြိုးစားနေပြီး နောက်ဆုံး ရရှိထားတဲ့ သတင်းတွေ အရတော့ ရိုနယ်ဒိုကသာ ဆန္ဒရှိမယ် ဆိုပါက ဂျူဗင်တပ်အသင်းဟာ ရိုနယ်ဒိုကို မန်ယူအသင်းထံ ရောင်းချနိုင်ကြောင်း သိရပါတယ်။

Photo Credit: Express

လက်ရှိိမှာတော့ ပရီးမီးယားလိဂ်ကို အားပေးတဲ့ ပရိသတ်တွေဟာ မက်ဆီနဲ့ ရိုနယ်ဒိုကို ပရီးမီးယားလိဂ် မှာ မြင်တွေ့ချင် နေကြပြီး မက်ဆီနဲ့ ရိုနယ်ဒိုတို့ရဲ့ ထိပ်တိုက် တွေ့ဆုံမှုဟာ ဘယ်သူက ပိုကောင်းတဲ့ ကစားသမားလဲ ဆိုတာကို အဆုံးအဖြတ် ပေးနိုင်ကြောင်း ပြောဆိုနေကြပါတယ်။ ပရိသတ်တွေရဲ့ စကားများ ကို ပြန်လည် ဖော်ပြပေးရမယ် ဆိုရင်တော့-

“ရိုနယ်ဒိုက မန်ယူအသင်း ၊ မက်ဆီက မန်စီးတီးအသင်းကိုသာ ပြောင်းလာကြရင် သူတို့ပွဲတွေကို မလွတ်တမ်း ကြည့်မယ်”

“မက်ဆီက မန်စီးတီးအသင်း အတွက် ၊ ရိုနယ်ဒိုက မန်ယူအသင်း အတွက် ပါဝင် ကစားပေးမယ့် မန်ချက်စတာ ဒါဘီကို စိတ်ကူးယဉ် ကြည့်ကြစမ်း”

“ရိုနယ်ဒိုကို မန်ယူအသင်းက မြန်မြန်ခေါ် ၊ မက်ဆီကို မန်စီးတီးအသင်းက မြန်မြန်ခေါ် ၊ ဒါဆို ငါတို့တွေ သူတို့နှစ်ယောက်ရဲ့ ပြိုင်ပွဲကို ပရီးမီးယားလိဂ်မှာ အရမ်းကြီး နောက်မကျခင် မြင်ရမယ်”