ကမ္ဘာ့ဘောလုံး သမိုင်းတလျှောက် အကောင်းဆုံး ကစားသမား ၅ဦး စာရင်းထဲ ပါဝင်နေတဲ့ ဘရာဇီးလ် ဂန္တဝင် ဘောလုံးသမားကြီး ပီလီက ယနေ့မနက် ၂နာရီ ဝန်းကျင်မှာပဲ လူကြီးရောဂါနဲ့ ကွယ်လွန်သွားခဲ့ပါပြီ။ ပီလီက ကွယ်လွန်ချိန်မှာ အသက် ၈၂နှစ် အရွယ် ရှိနေပြီ ဖြစ်ကာ သူက ကင်ဆာရောဂါနဲ့ လူကြီးရောဂါတို့ကြောင့် ကွယ်လွန်သွားခဲ့ရတာလည်း ဖြစ်ပါတယ်။

ပီလီက ဘောလုံးအားကစားကို ကမ္ဘာ့အနှံ့မှာ ထင်ရှားလာအောင် ဦးဆောင် ကြိုးပမ်းခဲ့တဲ့ ဂန္တဝင် ကစားသမားတွေထဲက တဦး ဖြစ်တာကြောင့် သူ ကွယ်လွန်သွားတာဟာ ဘောလုံးလောက အတွက် ကြီးမားတဲ့ နစ်နာ ဆုံးရှုံးမှုပဲ ဖြစ်ပါတယ်။ ဘောလုံးလောကရဲ့ ဂန္တဝင် တဦး ဖြစ်တဲ့ ပီလီ ကွယ်လွန်သွားပြီးနောက် ကမ္ဘာတဝှမ်းမှာ ရှိတဲ့ နာမည်ကြီး ဘောလုံးအသင်းတွေ ၊ ဘောလုံးသမားတွေက ပီလီအတွက် ဝမ်းနည်းကြေကွဲကြောင်း စကားတွေ အသီးသီး ပြောခဲ့ကြပြီး ဒီတခါမှာတော့ ကျွန်တော်က လက်ရှိ ဘောလုံးလောကရဲ့ အကောင်းဆုံး ကစားသမားတွေလို့ ပြောလို့ ရမယ့် ရိုနယ်ဒို ၊ မက်ဆီနဲ့ နေမာတို့ရဲ့ ဝမ်းနည်းကြေကွဲကြောင်း စကားတွေကို ဖော်ပြပေးသွားချင်ပါတယ်။

Photo Credit: CNN

ရိုနယ်ဒို – “ကျွန်တော်က ဘရာဇီးလ် တနိုင်ငံလုံးနဲ့ မစ္စတာ အက်ဆန် အာရန်တက်စ် ဒို နက်စ်ဆီမန်တိုတို့ မိသားစုနဲ့ (ပီလီရဲ့ မိသားစု) ထပ်တူထပ်မျှ ဝမ်းနည်းကြေကွဲရကြောင်း ပြောလိုပါတယ်။ ထာဝရဘုရင်ကြီး ပီလီကို နှုတ်ဆက်ရတဲ့ အချိန်မှာ ဘောလုံးလောက တခုလုံး ရလာတဲ့ နာကျင်မှုတွေကို ဖော်ပြလို့တောင် ရမယ် မထင်ပါဘူး။ ပီလီက ကမ္ဘာပေါ်မှာ ရှိတဲ့ ကလေးပေါင်း များစွာရဲ့ လေးစား အားကျမှုကို ရထားတဲ့ လူတယောက်ပါ။ သူက ဘောလုံးလောက အတွက် ပြယုဂ် တခုလည်း ဖြစ်ပါတယ်။ သူနဲ့ ကျွန်တော်တို့က ဝေးကွာတဲ့ နေရာတွေမှာ နေထိုင်ကြပေမယ့် သူနဲ့ ကျွန်တော့်ရဲ့ ကြားမှာ အပြန်အလှန် မေတ္တာတွေ ထားခဲ့ကြတာကို အောက်မေ့ သတိရမိပါတယ်။ သူက ဘယ်တော့မှ မေ့ဖျောက်ခံရမယ့် လူစားမျိုး မဟုတ်ပါဘူး။ သူ့ရဲ့ မှတ်ဉာဏ်တွေက ကျွန်တော်တို့ ဘောလုံးလောကကြီးနဲ့ အမြဲတမ်း အတူတူ ရှိနေမှာပါ။ ငြိမ်းချမ်းစွာ အနားယူပါ။ ဘုရင်ကြီး ပီလီ” လို့ သူ့ရဲ့ လူမှုကွန်ယက်အကောင့်မှာ တင်ကာ ပီလီကို နှုတ်ဆက်သွားခဲ့တာပဲ ဖြစ်ပါတယ်။

Photo Credit: CNN

လက်ရှိ ဘရာဇီးလ်ရဲ့ အဓိက တိုက်စစ်မှူး ဖြစ်သူ နေမာကလည်း – “ပီလီရဲ့ခေတ် မရောက်ခင်မှာ ကျောနံပါတ် ၁၀က သာမန် နံပါတ်လေး တခုပဲတဲ့။ ကျွန်တော်က ဒီစာကြောင်းလေးကို တနေရာရာမှာ ဖတ်ခဲ့ရသလို အမြဲတမ်းလည်း အမှတ်ရနေခဲ့ပါတယ်။ ဒီစာကြောင်းလေးက လှပပေမယ့် မပြည့်စုံသေးပါဘူး။ ကျွန်တော် ဖြည့်စွက်ပြောချင်တာက ပီလီခေတ် မရောက်ခင်မှာ ဘောလုံးဟာ သာမန် အားကစားတခုပါပဲ။ ပီလီက ဘောလုံးအားကစားကို ပြောင်းလဲသွားအောင် လုပ်ဆောင်နိုင်ခဲ့ပါတယ်။ သူက ဘောလုံးကို အနုပညာ တခုလို ဖြစ်အောင် လုပ်ပြခဲ့တယ်။ သူက ဘောလုံးကို ဖျော်ဖြေမှု တခုလို ဖြစ်အောင် စွမ်းဆောင်ပြခဲ့တယ်။ သူက ဆင်းရဲတဲ့လူတွေ ၊ လူမဲတွေနဲ့ ဘရာဇီးလ်နိုင်ငံရဲ့ အသံတွေကို ကိုယ်စားပြုပေးခဲ့တယ်။ ဘောလုံးလောကနဲ့ ဘရာဇီးလ်နိုင်ငံက ဘုရင်ကြီးကို (ပီလီကို) အမြဲတမ်း အမှတ်ရနေမှာပါ။ သူက သေဆုံးသွားပေမယ့် သူ့ရဲ့ မှော်ဝင်ခြေစွမ်းတွေက ကျန်ခဲ့ဦးမှာပါ။ ပီလီက ထာဝရ ရှင်သန်နေရမယ်” ဆိုပြီး ဝမ်းနည်းကြေကွဲစကား ပြောကြားသွားခဲ့တာပါ။

ပူပူနွေးနွေး ၂၀၂၂ ကမ္ဘာ့ဖလားပြိုင်ပွဲရဲ့ ချန်ပီယံ ဖြစ်ထားတဲ့ အာဂျင်တီးနား အသင်းခေါင်းဆောင် လီယွန်နယ် မက်ဆီကလည်း ပီလီ တယောက် ကွယ်လွန်သွားတဲ့ အပေါ် ဝမ်းနည်းကြေကွဲနေပြီး ရိုးရိုးအေးအေး နေတတ်တဲ့ မက်ဆီက သူ့ရဲ့ ဝသီအတိုင်း “ငြိမ်းချမ်းစွာ အနားယူပါ ပီလီ” လို့ လူမှုကွန်ယက်ပေါ်မှာ ခပ်ရှင်းရှင်း တင်ကာ ပီလီအတွက် ဝမ်းနည်းကြေကွဲကြောင်း ပြသသွားခဲ့ပါတယ်။