ပြင်သစ်လက်ရွေးစင် အသင်းနဲ့ ဆီဗီးလားအသင်းတို့ရဲ့ နောက်ခံလူဟောင်း တစ်ဦးဖြစ်တဲ့ ရာမီ ကတော့ လက်ရှိမှာ ကမ္ဘာ့အကောင်းဆုံး ကစားသမား နှစ်ဦးအဖြစ် သတ်မှတ်ခံထားရတဲ့ မက်ဆီနဲ့ ရိုနယ်ဒိုတို့ ကြားမှာ ရှိတဲ့ ခြားနားချက်တွေကို နောက်ဆုံး ပြုလုပ်ခဲ့တဲ့ အင်တာဗျူးမှာ ဖွင့်ဟ ပြောကြား သွားခဲ့ပါတယ်။ ဘာစီလိုနာ အသင်းရဲ့ တိုက်စစ်မှူး မက်ဆီနဲ့ ဂျူဗင်တပ်အသင်းရဲ့ တိုက်စစ်မှူး ရိုနယ်ဒိုတို့ နှစ်ဦးမှာ ဘယ်သူက ပိုကောင်းတဲ့ ကစားသမားလဲ ဆိုတဲ့ မေးခွန်းဟာ ဖြေရှင်းရခက်တဲ့ မေးခွန်း တစ်ခု ဖြစ်ပြီး ရာမီ ကတော့ မက်ဆီနဲ့ ရိုနယ်ဒိုတို့ နှစ်ဦးဟာ မတူညီတဲ့ အရည်အသွေးတွေ ရှိတဲ့ ကစားသမားတွေ ဖြစ်ကြောင်း ပြောကြား သွားပါတယ်။

 

Photo Credit: Metro

ရာမီဟာ ဆီဗီးလားအသင်း ၊ လိုင်လီအသင်းတို့နဲ့ အတူ စပိန်လာလီဂါမှာရော ချန်ပီယံလိဂ် ပြိုင်ပွဲမှာပါ ကျင်လည်ဖူးသူ တစ်ဦးဖြစ်တာကြောင့် သူ့ရဲ့ ကစားသမား ဘဝမှာ မက်ဆီ ၊ ရိုနယ်ဒိုတို့နဲ့ မကြာခဏ ဆိုသလို ရင်ဆိုင်ခဲ့ဖူးပြီး မက်ဆီနဲ့ ရိုနယ်ဒိုတို့ နှစ်ဦးရဲ့ အကြောင်းကို ရာမီက အခုလိုပဲ ပြောပြ လာခဲ့ပါတယ်။ “မက်ဆီနဲ့ ကွင်းထဲမှာ ရင်ဆိုင်တွေ့တဲ့အခါ ကျွန်တော်တို့ ဘာတစ်ခုမှ မလုပ်နိုင်သလို ခံစားမိပါတယ်။ ကျွန်တော်တို့ဟာ သူ့ကို မခုခံနိုင်ကြပါဘူး။ သူက အမြဲတမ်း မှန်ကန်တဲ့ ပေးပို့မှုတွေကို ပြုလုပ်နိုင်သူပါ။ ဒါက ဘုရားပေးတဲ့ လက်ဆောင်တစ်ခုလည်း ဖြစ်ပါတယ်။ ဒါပေမယ့် ရိုနယ်ဒိုကျတော့ မက်ဆီနဲ့ မတူပါဘူး။ ကျွန်တော့်ကို အံ့ဩစေတဲ့ ရိုနယ်ဒိုမှာ ရှိတဲ့ အရည်အချင်း တစ်ခုကတော့ သူ့ရဲ့ လုပ်အားနှုန်းပါ”

Photo Credit: Metro

“သူနဲ့ ပထမဦးဆုံး အကြိမ် ရင်ဆိုင်ရတဲ့ အချိန်တုန်းက ကျွန်တော်ဟာ လိုင်လီအသင်းဆီ ရောက်နေပါပြီ။ ပြီးတော့ လိုင်လီအသင်းက ချန်ပီယံလိဂ် ကစားနေရတဲ့ အချိန်ပေါ့။ အဲ့ဒီအချိန်မှာ ကျွန်တော် သူ့ကို တွေ့ခဲ့တာပဲ။ ပြီးတော့ သူနဲ့ ပထမဦးဆုံး အကြိမ် ရင်ဆိုင်ပြီးတဲ့နောက်မှာ ဒီတစ်ယောက်က အံ့ဩစရာ ကောင်းလိုက်တာ ဆိုပြီး တွေးမိပါတယ်။ အချိန်နည်းနည်း ကြာပြီးတဲ့နောက် ကျွန်တော် သူနဲ့ လာလီဂါမှာ ထပ်ပြီး ရင်ဆိုင်ရပြန်ပါတယ်။ တကယ့်ကို စက်တစ်လုံးနဲ့တူတဲ့ ကစားသမားပါ။ အဲ့ဒီပွဲပြီးတော့ အိမ်ပြန်တဲ့ အခါ အိမ်ကလူတွေက ကျွန်တော့်ကို ရိုနယ်ဒိုက ဘယ်လိုပုံစံလဲ ဆိုပြီး မေးကြတယ်။ ဒီတော့ ကျွန်တော်က ရိုနယ်ဒိုကို တွေ့တဲ့ အချိန်မှာ အံ့ဩသွားတဲ့ အကြောင်း ပြောခဲ့ပါတယ်။ သူက တကယ့်ကို မာကျောပါတယ်။ ပြီးတော့ သူ့ရဲ့ ခန္ဓာကိုယ်မှာ အဆီတွေ တစ်ဂရမ်တောင် ရှိရဲ့လား မသိဘူးဗျာ” ဆိုပြီး ရာမီက မက်ဆီနဲ့ ရိုနယ်ဒိုကြားက ကွာခြားချက်ကို ပြောပြခဲ့ပါတယ်။