စပိန်လာလီဂါ အင်အားကြီး အသင်းဖြစ်တဲ့ ဘာစီလိုနာအသင်းရဲ့ အဓိက တိုက်စစ်မှူး တစ်ဦး ဖြစ်တဲ့ လီယွန်နယ် မက်ဆီကတော့ သူ့ရဲ့ မဟာပြိုင်ဘက် အဖြစ် သတ်မှတ်လို့ ရတဲ့ ဂျူဗင်တပ်အသင်းရဲ့ တိုက်စစ်မှူး စီရိုနယ်ဒို တစ်ယောက် ကိုရိုနာဗိုင်းရပ် ကူးစက်ခံရမှုကနေ အမြန်ဆုံး သက်သာ ပျောက်ကင်းမယ် လို့ မျှော်လင့်ထားကြောင်း နောက်ဆုံး ပြုလုပ်ခဲ့တဲ့ အင်တာဗျူးမှာ ပြောကြား သွားခဲ့ပါတယ်။ အသက် ၃၃နှစ် အရွယ် ရှိနေပြီ ဖြစ်တဲ့ မက်ဆီနဲ့ အသက် ၃၅နှစ် အရွယ် ရိုနယ်ဒိုတို့ဟာ ကစားသမားဘဝ နောက်ဆုံး အချိန်ကို ရောက်ရှိနေသူတွေ ဖြစ်ပေမယ့် လက်ရှိအချိန်အထိ ကလပ်အသင်းနဲ့ နိုင်ငံလက်ရွေးစင်အသင်းတွေ အတွက် အကောင်းဆုံး ခြေစွမ်းပြ ကစားနိုင်နေဆဲ ဖြစ်ပြီး နှစ်ဦးပေါင်း ကမ္ဘာ့အကောင်းဆုံး ကစားသမားဆုကို ၁၁ကြိမ်အထိ ရယူထားနိုင်ပါတယ်။

Photo Credit: Sky Sports

မက်ဆီနဲ့ ရိုနယ်ဒိုတို့ကြားမှာ ပြိုင်ဆိုင်မှု အပြင်းထန်ဆုံး အချိန်ဟာ ရိုနယ်ဒို တစ်ယောက် ရီးရဲလ်မက်ဒရစ် အသင်းမှာ ကစားနေစဉ်က ဖြစ်ပြီး ရိုနယ်ဒိုက ဂျူဗင်တပ်အသင်းထံ ပြောင်းရွှေ့ ကစားပြီးနောက်မှာ သူတို့နှစ်ဦးရဲ့ ယှဉ်ပြိုင်မှုတွေကို ထပ်မံ မြင်တွေ့ရဖွယ် မရှိတော့ဘူးလို့ အားလုံးက ထင်မှတ် ထားကြပေမယ့် ယခုနှစ် ချန်ပီယံလိဂ် အုပ်စုအဆင့်မှာတော့ မက်ဆီရဲ့ ဘာစီလိုနာ အသင်းနဲ့ ရိုနယ်ဒိုရဲ့ ဂျူဗင်တပ်အသင်းတို့ဟာ တစ်အုပ်စုထဲ ကျရောက်ခဲ့တာကြောင့် မက်ဆီနဲ့ ရိုနယ်ဒိုကြားက အားပြိုင်မှုကို မြင်ရဖို့ အခြေအနေတွေ ဖြစ်လာပါတယ်။ ဒါပေမယ့် ကံမကောင်းစွာပဲ ရိုနယ်ဒိုဟာ ပေါ်တူဂီ လက်ရွေးစင်အသင်း အတွက် သွားရောက် ကစားပေးရင်း ကိုရိုနာဗိုင်းရပ် ကူးစက်မှုကို ခံခဲ့ရတာကြောင့် လက်ရှိအချိန်မှာ ဆေးကုသမှုတွေ ခံယူနေရကာ လာမယ့် ဗုဒ္ဓဟူးနေ့ည ၂နာရီခွဲ အချိန်မှာ ယှဉ်ပြိုင် ကစားရမယ့် ဂျူဗင်တပ် အသင်းနဲ့ ဘာစီလိုနာ အသင်းတို့ရဲ့ ပွဲစဉ်ကို လွဲချော်နိုင်ချေ ရှိနေပါတယ်။

Photo Credit: Sky Sports

မက်ဆီနဲ့ ရိုနယ်ဒိုတို့ကို အားပေးတဲ့ ပရိသတ်တွေ အပြင် ဘောလုံး သုတေသီတွေကပါ မက်ဆီနဲ့ ရိုနယ်ဒိုတို့ရဲ့ ထိပ်တိုက် တွေ့ဆုံမှုကို မြင်တွေ့ချင် နေတာကြောင့် ဂျူဗင်တပ်အသင်းနဲ့ ဘာစီလိုနာအသင်းတို့ရဲ့ ပွဲစဉ်မှာ ရိုနယ်ဒို မပါဝင်နိုင်မှာကို စိုးရိမ်နေသူတွေလည်း ရှိပါတယ်။ လက်ရှိမှာတော့ မက်ဆီက သူတို့တစ်သင်းလုံးဟာ ရိုနယ်ဒိုတစ်ယောက် ကိုရိုနာဗိုင်းရပ် ကူးစက်ခံထားရမှု ကနေ အမြန်ဆုံး ပြန်လည် သက်သာလာမယ် လို့ မျှော်လင့်ထားကြောင်း ရိုနယ်ဒိုကို အားပေးစကား ပြောကြား သွားပါတယ်။ မက်ဆီက ” လာမယ့် ဗုဒ္ဓဟူးနေ့ဟာ အတော်လေးကို စိန်ခေါ်မှု ပြင်းထန်တဲ့ နေ့ရက် တစ်ခု ဖြစ်လာမှာပါ။ ပြီးတော့ ကျွန်တော်တို့ အားလုံးဟာ ခရစ္စတီယာနို(ရိုနယ်ဒို) တစ်ယောက် ကိုရိုနာဗိုင်းရပ် ကူးစက် ခံထားရမှု ကနေ အမြန်ဆုံး သက်သာလာမယ် လို့ မျှော်လင့်ထားပါတယ် ” ဆိုပြီး ပြောကြား သွားခဲ့တာပဲ ဖြစ်ပါတယ်။