ပြင်သစ်လီဂူးချန်ပီယံ ပီအက်စ်ဂျီအသင်းဆီကို ကမ္ဘာဘောလုံးလောကရဲ့အကျော်အမော်တွေဖြစ်တဲ့ အာဂျင်တီးနားတိုက်စစ်ကစားသမား လီယွန်နယ်မက်ဆီနဲ့ သူနဲ့ခေတ်ပြိုင် ကစားသမား ပေါ်တူဂီတိုက်စစ်မှူး ခရစ္စတီယာနိုရော်နယ်ဒိုတို့အပြင် ကမ္ဘာ့အကောင်းဆုံး ဘောလုံးနည်းပြတစ်ဦးဖြစ်တဲ့ ပတ်ဂွာဒီယိုလာတို့ ရောက်ရှိလာလိမ့်မယ်လို့ ပီအက်စ်ဂျီအသင်းရဲ့ကစားသမားဟောင်းဖြစ်ခဲ့ဖူးတဲ့ ဖာဘရီပွန်ကတ်ဒ်က ဟောကိန်းထုတ်ပြောဆိုလိုက်ပါတယ်။

Photo Credit : Yahoo Sports

လက်ရှိအချိန်မှာ ဘာစီလိုနာအသင်းရဲ့တိုက်စစ်ကစားသမားဖြစ်သူ လီယွန်နယ်မက်ဆီက သူရဲ့ဘာစီလိုနာအသင်းကနေ ထွက်ခွာသွားချင်နေသလို ဂျုဗင်တပ်စ်တိုက်စစ်ကစားသမား ရော်နယ်ဒိုကလည်း ဂျုဗင်တပ်စ်အသင်းမှာ ဒီတစ်ရာသီလောက် ပါဝင်ကစားဖွယ်ရှိတာဖြစ်လို့ ဒီကစားသမား(၂)ယောက်အနေနဲ့ ၂၀၂၁ခုနှစ်လောက်မှာ ပီအက်စ်ဂျီဆီကို ရောက်လာနိုင်ပြီး နေမာ ဘာပေ မက်ဆီ ရော်နယ်ဒိုတို့ (၄)ယောက်နဲ့အတူ ပီအက်စ်ဂျီကို ဘယ်အသင်းကမှ ယှဉ်နိုင်တော့မှာမဟုတ်ဘူးလို့ ပီအက်စ်ဂျီကွင်းလယ်ကစားသမားဟောင်း ပွန်ကတ်ဒ်က ပြောဆိုလာခဲ့ပါတယ်။

Photo Credit : Ace Football

ပွန်ကတ်ဒ်က “ငါဘာတွေတွေးမိနေလဲဆိုတာ မင်းကိုပြောပြမယ်။ မန်စီးတီးကို ကျော်လိုက်ပါ။ ဘာကြောင့်လဲဆိုတော့ မန်ချက်စတာက အရုပ်ဆိုးအကျည်းတန်တယ်။ မိုးတွေကလည်း အဆက်မပြတ်ရွာတယ်။ မက်ဆီအနေနဲ့ ပဲရစ်မြို့ဆီကိုပဲ ရွေးချယ်နိုင်တဲ့ အကြောင်းအရင်းတွေ အများကြီးရှိတယ်လို့ ငါပြောနိုင်တယ်။ ပြီးရင် ရော်နယ်ဒိုကလည်း ၂၀၂၁မှာ မက်ဆီနဲ့အတူ ပီအက်စ်ဂျီအသင်းဆီ လာရောက်ပူးပေါင်းမယ်။ ပြီးရင် ဂွာဒီယိုလာပါ ရောက်လာမယ်။ ဒီလို ဘာစီလိုနာကနေ ထွက်ခွာဖို့ တောင်းဆိုမှုမပြုလုပ်ခင်ကတည်းက မက်ဆီနဲ့ ဂွာဒီယိုလာတို့ ဒီအကြောင်းတွေကို ကြိုတင်ပြောထားမိကြလိမ့်မယ်လို့ ငါထင်တယ်။ ဂွာဒီယိုလာကလည်း မက်ဆီကို ဒီလိုပြောမှာပဲလေ။ ငါတို့တွေ အရာအားလုံးကို ရောထွေးအောင်လုပ်ကြမယ်။ ငါမင်းကို မန်ချက်စတာဆီ ရောက်လာချင်တယ်ဆိုပေမယ့် မင်းက ပဲရစ်ကိုပဲသွားလိုက်။ ပြီးရင် စိတ်မပူနဲ့။ နောက်တစ်နှစ်နေရင် ငါမင်းဆီ လာခဲ့မယ်ဆိုပြီးပေါ့။ ငါကတော့ ပီအက်စ်ဂျီအသင်းရဲ့ဆောင်ပုဒ်အတိုင်း အိမ်မက်အကြီးစားတွေ မက်ခွင့်ရနိုင်လိမ့်မယ် လုံးဝထင်တယ်။ ဘောလုံးဂြိုလ်သားလေးယောက်ဖြစ်တဲ့ မက်ဆီ ရော်နယ်ဒို နေမာ ဘာပေတို့နဲ့အတူ အရမ်းမိုက်တဲ့နည်းပြပတ်နဲ့ ကမ္ဘာပေါ်က ပြိုင်ဘက်ကင်းအသင်းဖြစ်လာလိမ့်မယ်” လို့ ခန့်မှန်းပြောဆိုလာခဲ့ပါတယ်။ လက်ရှိမှာတော့ ပီအက်စ်ဂျီအသင်းဟာ မက်ဆီတစ်ဦးတည်းကိုပဲ ခေါ်ယူဖို့ ပြင်ဆင်နေတာဖြစ်ကာ နေမာကလည်း မက်ဆီကို ခေါ်ယူပေးဖို့ အသင်းထံ တောင်းဆိုထားခဲ့ပါတယ်။