MySport Myanmar

အင်တာ မိုင်ယာမီက သူရဲ့ နောက်ဆုံးကလပ် ဖြစ်လိမ့်မယ်လို့ မက်ဆီ ဖွင့်ဟ

အမေရိကန် မေဂျာလိဂ်ကလပ် အင်တာ မိုင်ယာမီအသင်းမှာ ပါဝင်ကစားနေတဲ့ GOAT ကြီး လီယွန်နယ် မက်ဆီကတော့ သူ့အနေနဲ့ သူရဲ့ ပထမဦးဆုံး ကလပ်အသင်းဖြစ်တဲ့ နယူးဝဲလ်စ်အိုးဘွိုင်းမှာ ကစားသမားဘဝကို အဆုံးသတ်ဖို့ထက် အင်တာ မိုင်ယာမီမှာသာ ကစားသမားဘဝကို အဆုံးသတ်ဖွယ် ရှိနိုင်တယ်လို့ ထုတ်ဖော် ပြောကြားသွားခဲ့ပါတယ်။

အသက် (၃၆)နှစ်အရွယ် ရှိနေပြီဖြစ်တဲ့ မက်ဆီဟာ ၂၀၂၃ခုနှစ်မှာပဲ ပီအက်စ်ဂျီနဲ့ စာချုပ်ကုန်ဆုံးခဲ့ပြီးနောက် အင်တာ မိုင်ယာမီအသင်းဆီ အလွတ်နဲ့ ပြောင်းရွှေ့လာခဲ့ရင်း မိုင်ယာမီနဲ့အတူ Leagues Cup ဖလားကို ရယူနိုင်ခဲ့ပါတယ်။

Photo Credit : ESPN

အခုလည်း မက်ဆီဟာ သူရဲ့ ဘာစီလိုနာ အသင်းဖော်ဟောင်းတွေဖြစ်တဲ့ ဆွာရက်ဇ် ဘူးစကွက်စ် အယ်လ်ဘာတို့နဲ့အတူ မိုင်ယာမီ ကစားသမားဘဝ full season ကို ဖြတ်သန်းနေရပြီး အသင်းအတွက် ပြိုင်ပွဲစုံ (၁၅)ပွဲကစား (၁၄)ဂိုးအထိ သွင်းယူပေးထားနိုင်သလို (၁၁)ဂိုး ဖန်တီးပေးထားနိုင်ခဲ့ပါတယ်။

မက်ဆီဟာ မိုင်ယာမီအသင်းနဲ့ ၂၀၂၅ခုနှစ် ဒီဇင်ဘာအထိ စာချုပ်သက်တမ်း ကျန်ရှိနေသေးတာဖြစ်ပြီး မိုင်ယာမီမှာ သူရဲ့ ဘော်ဒါဟောင်းတွေနဲ့အတူ ကစားရတာကိုလည်း ပျော်ရွှင်နှစ်သက်နေတဲ့အတွက် တကယ်လို့ သူသာ ကစားနိုင်ဦးမယ်ဆိုရင်တော့ မိုင်ယာမီဘက်က စာချုပ်သက်တမ်းတိုးဖို့ အဆင်သင့် ရှိနေမှာ သေချာနေသလို မက်ဆီကလည်း မိုင်ယာမီမှာသာ ဘောလုံးသမားဘဝကို အဆုံးသတ်နိုင်ပါတယ်။

Photo Credit : Essentailly Sports

“အင်တာ မိုင်ယာမီအသင်းက ကျွန်တော်ရဲ့ နောက်ဆုံးကလပ်အသင်း ဖြစ်လာပါလိမ့်မယ်။ ဟုတ်ပါတယ်။ ဒီနေ့အထိဆိုရင်တော့ မိုင်ယာမီက ကျွန်တော့်အတွက် နောက်ဆုံးအသင်း ဖြစ်ပါလိမ့်မယ်။ ကျွန်တော်က ဘောလုံးကစားနေရတာကို အရမ်း ချစ်မြတ်နိုး်ပါတယ်။”

“ပွဲကစားရတဲ့ အချိန်တွေ လေ့ကျင့်ခန်းလုပ်နေရတဲ့အချိန်တွေက ကျွန်တော့်အတွက်တော့ အပျော်ရွှင်ရဆုံး အချိန်တွေပါပဲ။ အခုက ကျွန်တော် ဘောလုံးကစားလို့ရမယ့် အချိန်တွေ တဖြည်းဖြည်းနဲ့ အဆုံးသတ်ခါနီး ရောက်လာတာကို သတိထားလာမိတော့ လက်ရှိ ဘောလုံးကစားနေရတာလေးကို ပိုလို့တောင် နှစ်သက်ပျော်ရွှင်မိရပါတယ်။” လို့ မက်ဆီက ESPN နဲ့ အင်တာဗျူးမှာ ပြောဆိုသွားခဲ့ပါတယ်။

Exit mobile version