ဘောလုံးလောကရဲ့ GOAT ကြီးတစ်ဦးဖြစ်သူ လီယွန်နယ် မက်ဆီက သူ့အနေနဲ့ ဘယ်အသက်အရွယ်မှာ ဘောလုံးသမားဘဝကနေ အနားယူသွားမယ်ဆိုပြီး စဉ်းစားထားတာမျိုး မရှိပဲ ဘောလုံးသမားဘဝမှာ ကောင်းကောင်း မစွမ်းဆောင်နိုင်တော့ဘူးဆိုမှသာ အနားယူသွားမယ်လို့ ဖွင့်ဟ ပြောကြားသွားခဲ့ပါတယ်။

ကမ္ဘာ့ချန်ပီယံ ကစားသမားကြီး မက်ဆီဟာ လာမယ့် ဇွန်လမှာ အသက် (၃၇)နှစ် ပြည့်မြောက်သွားတော့မှာ ဖြစ်ပေမယ့်လည်း အသက်အရွယ် အပိုင်းအခြား ဘယ်လောက်ရောက်ရင် အနားယူသွားမယ်ဆိုပြီး သတ်မှတ်ထားခြင်း မရှိကြောင်း ပြောဆိုလာခဲ့ပါတယ်။

Photo Credit : The Skidmore News

မက်ဆီက လက်ရှိမှာ သူရဲ့နိုင်ငံအသင်းနဲ့အတူ ကိုပါ အမေရိကပြိုင်ပွဲကို ဆင်နွဲသွားဖို့အတွက်နဲ့ သူရဲ့ကလပ် အင်တာ မိုင်ယာမီအသင်းနဲ့လည်း ဘောလုံးရာသီ တစ်ရာသီအပြည့်ကို အကောင်းဆုံး ဖြတ်သန်းသွားဖို့ကိုသာ အာရုံစိုက်နေသလို သူ့စွမ်းရည်ဆောင် မကျဆင်းသေးသမျှ ဘောလုံးလောကမှာ ဆက်လက် ကျင်လည်နေဦးမှာပဲ ဖြစ်ပါတယ်။

အနားယူမယ့် ကိစ္စရပ်တွေနဲ့ ပတ်သက်ပြီး မက်ဆီက “ကျွန်တော် မစွမ်းဆောင်နိုင်တော့ဘူးလို့ ခံစားမိလာတဲ့အချိန် ၊ ကျွန်တော် မပျော်ရွှင်တော့ဘူးလို့ ခံစားမိလာတဲ့အချိန် ဒါမှမဟုတ် ကျွန်တော့် အသင်းဖော်တွေကို မကူညီပေးနိုင်တော့ဘူးလို့ ခံစားမိလာတဲ့အချိန် ရောက်ပြီလို့ သိတာနဲ့ ကျွန်တော် အနားယူသွားတော့မှာပါ။”

Photo Credit : FIFPro

“ကျွန်တော်က ကိုယ့်ကိုကိုယ် အရမ်း ဝေဖန်ပိုင်းခြားတက်တဲ့သူပါ။ ဒါကြောင့်လည်း ကျွန်တော် ကောင်းကောင်း လုပ်ဆောင်နိုင်နေသလား မလုပ်ဆောင်နိုင်ဘူးလား ကောင်းကောင်း ကစားခဲ့လား ကစားတာ ညံ့ဖျင်းနေခဲ့သလား ဆိုတာတွေကို သိနေနိုင်တယ်။”

“တကယ်လို့ ကျွန်တော် အနားယူဖို့ လိုအပ်လာခဲ့ပြီလို့ ခံစားမိလာတဲ့အခါကျရင် အသက်အရွယ်ကိုလည်း မစဉ်းစားတော့ပဲ ကျွန်တော် အနားယူဖို့ကို ဆုံးဖြတ်လိုက်မှာ။ ကျွန်တော် အဆင်ပြေနေသေးတယ်လို့ ခံစားမိနေရင်တော့ ကျွန်တော် ဘောလုံးသမားဘဝကို ဆက်လက် ဖြတ်သန်းနေဦးမှာပဲ။ ဘာလို့ဆိုတော့ ဒါက ကျွန်တော် အကြိုက်ဆုံးအရာ ဖြစ်နေသလို ဘယ်လို လုပ်သွားရမလဲ ဆိုတာလည်း သိနေလို့ပါ။” လို့ ရှင်းလင်း ပြောဆိုသွားခဲ့ပါတယ်။