စပိန်အင်အားကြီးအသင်း ဖြစ်တဲ့ ဘာစီလိုနာအသင်းနဲ့ အာဂျင်တီးနားအသင်းတို့ရဲ့ အဓိက ကစားသမား ဖြစ်တဲ့ လီယွန်နယ် မက်ဆီကတော့ ငယ်စဉ်ကတည်းက ကစားလာခဲ့တဲ့ ဘာစီလိုနာအသင်း ကနေ ထွက်ခွာဖို့ အတွက် ဆုံးဖြတ်လိုက်ပြီ လို့ ခိုင်လုံတဲ့ သတင်းမီဒီယာတွေရဲ့ ဖော်ပြချက်တွေအရ သိရပါတယ်။ အသက် ၃၃နှစ် အရွယ် ရှိနေပြီ ဖြစ်တဲ့ လီယွန်နယ် မက်ဆီ ဟာ မွေးရပ်မြေ အာဂျင်တီးနားနိုင်ငံကနေ ထွက်ခွာပြီးကတည်းက ဘာစီလိုနာအသင်းမှာပဲ ရှိနေခဲ့သူ ဖြစ်ပြီး သူ့ဘဝရဲ့ သုံးပုံ နှစ်ပုံကို ကတ်တလန်တာ အခြေစိုက်အသင်း အတွက် မြှုပ်နှံခဲ့သူပဲ ဖြစ်ပါတယ်။ ဒါပေမယ့် လက်ရှိမှာတော့ မက်ဆီဟာ ဘာစီလိုနာအသင်းကို စွန့်ခွာတော့မှာ ဖြစ်ပြီး သူ့ကို အလွယ်တကူ အသင်းကနေ ထွက်ခွာခွင့် ပေးဖို့ ဘာစီလိုနာဘုတ်အဖွဲ့ဆီကို တောင်းဆို ထားတယ် လို့ သိရပါတယ်။

Photo Credit: PSG Talk

စပိန်အခြေစိုက် သတင်းဌာနတွေရဲ့ အဆိုအရတော့ မက်ဆီဟာ ဘာစီလိုနာအသင်းက ဘိုင်ယန်မြူးနစ် အသင်းကို ၈-၂ ဆိုတဲ့ ရလဒ်နဲ့ အရှက်ရဖွယ် အရေးနိမ့်ခဲ့တဲ့ ပွဲစဉ်အပြီးမှာကတည်းက သူ့ရဲ့ အနာဂတ် အကြောင်းကို စဉ်းစား နေခဲ့တာ ဖြစ်ပြီး နည်းပြသစ် ဖြစ်သူ ကိုးမန်းနဲ့ ဖုန်းကနေ တဆင့် စကားပြောဆို အပြီးမှာတော့ အသင်းကနေ ထွက်ခွာဖို့ ဆုံးဖြတ်ခဲ့တာလို့ သိထားရပါတယ်။ အာဂျင်တီးနား သတင်းစာတွေရဲ့ အဆိုအရတော့ ကိုးမန်းဟာ ဘာစီလိုနာအသင်းရဲ့ နည်းပြသစ် ဖြစ်လာအပြီးမှာ မက်ဆီနဲ့ ပထမဦးဆုံး ဖုန်းအဆက်အသွယ် ပြုလုပ်ခဲ့ပြီး သူ့အနေနဲ့ အသင်းမှာ မက်ဆီကို အထူး ခံစားခွင့်တွေ ပေးသွားမှာ မဟုတ်ဘူးလို့ သတိပေးခဲ့တာ ဖြစ်ကြောင်း သိရပြီး လက်ရှိမှာတော့ မက်ဆီဟာ အသင်းကနေ ထွက်ခွာခွင့်ပေးဖို့ ဘာစီလိုနာအသင်းရဲ့ ဘုတ်အဖွဲ့တွေဆီ တရားဝင် တောင်းဆိုခဲ့တာပဲ ဖြစ်ပါတယ်။

Photo Credit: PSG Talk

မက်ဆီရဲ့ တောင်းဆိုမှုကို ဘာစီလိုနာအသင်းနဲ့ နီးစပ်သူတွေကလည်း အတည်ပြုထားပြီး မက်ဆီဟာ ဘာစီလိုနာအသင်းနဲ့ လေ့ကျင့်မှုတွေ ပြုလုပ်တော့မှာ မဟုတ်ပဲ အသင်းကနေ သူ ထွက်ခွာတော့မယ့် အကြောင်းကို လာမယ့် ရက်ပိုင်းအတွင်း တရားဝင် ကြေညာတော့မယ် လို့လည်း သိရပါတယ်။ ထွက်ပေါ်နေတဲ့ သတင်းတွေ အရတော့ မက်ဆီဟာ ဘာစီလိုနာအသင်း ကနေ ထွက်ခွာမှု အပြီးမှာ ပရီးမီးယားလိဂ် ကလပ်တွေ ဖြစ်တဲ့ မန်စီးတီးအသင်းနဲ့ မန်ယူအသင်း ၊ ပြင်သစ်ကလပ် ဖြစ်တဲ့ ပီအက်စ်ဂျီအသင်း ၊ အီတလီ ကလပ်တွေ ဖြစ်တဲ့ အင်တာမီလန်အသင်းနဲ့ ဂျူဗင်တပ်အသင်းတို့ဆီကို ပြောင်းရွှေ့ ကစားဖွယ် ရှိကြောင်းလည်း သိထားရပါတယ်။ ကမ္ဘာ့အကောင်းဆုံး ကစားသမားဆုကို ၆ကြိမ်တိုင်တိုင် ရရှိထားတဲ့ မက်ဆီရဲ့ လားရာဟာ ဘယ်အသင်း ဖြစ်မလဲဆိုတာကိုတော့ စောင့်ကြည့်သွားရမှာပါ။