စပိန်အင်အားကြီး အသင်းဖြစ်တဲ့ ဘာစီလိုနာ အသင်းရဲ့ အဓိက ကစားသမား လီယွန်နယ် မက်ဆီ ကတော့ ယခုနှစ် ဘောလုံးရာသီရဲ့ လာလီဂါ ချန်ပီယံဆုကို ဆွတ်ခူးနိုင်ခဲ့တဲ့ မဟာ ပြိုင်ဘက် ရီးရဲလ်မက်ဒရစ်အသင်းဟာ လာလီဂါ ချန်ပီယံဆုကို ရရှိဖို့အတွက် ထိုက်တန်တယ် လို့ ဝန်ခံ ပြောဆိုသွားခဲ့ပါတယ်။ ယနေ့ မနက် အစောပိုင်းမှာ ယှဉ်ပြိုင် ကစားသွားခဲ့တဲ့ လာလီဂါပွဲစဉ် (၃၇)မှာတော့ ဘာစီလိုနာအသင်းဟာ အိုဆာဆူနာအသင်းကို အိမ်ကွင်းမှာ လက်ခံ ကစားခဲ့ရပေမယ့် ၁-၂ ဆိုတဲ့ ရလဒ်နဲ့ အရေးနိမ့် ခဲ့တဲ့ အချိန်မှာ ရီးရဲလ်မက်ဒရစ် အသင်းဟာ ဗီလာရီးရဲလ်အသင်းကို အိမ်ကွင်းမှာ ၂-၁ ဆိုတဲ့ ရလဒ်နဲ့ အနိုင်ယူခဲ့ပြီး ၂၀၁၉-၂၀၂၀ ဘောလုံးရာသီရဲ့ လာလီဂါချန်ပီယံဆုကို ထိုက်ထိုက်တန်တန် ရရှိသွားခဲ့ပါတယ်။

Photo Credit: Evening Standard

ဘာစီလိုနာအသင်းဟာ ကိုရိုနာဗိုင်းရပ် ကူးစက်မှုကြောင့် လာလီဂါပွဲစဉ်တွေကို မရပ်နားမီမှာ လာလီဂါပြိုင်ပွဲရဲ့ အမှတ်ပေးဇယားကို ဦးဆောင် နိုင်ခဲ့ပေမယ့် လာလီဂါပြိုင်ပွဲကို ပြန်လည်ကာ ကျင်းပခဲ့တဲ့ အချိန်မှာတော့ အမှားအယွင်း အများအပြား ရှိခဲ့သလို ရမှတ်ဆုံးရှုံးမှုတွေလည်း များခဲ့ပါတယ်။ တစ်ဖက်မှာတော့ ရီးရဲလ်မက်ဒရစ်အသင်းဟာ လာလီဂါပြိုင်ပွဲရဲ့ နောက်ဆုံး ၁၀ပွဲဆက်ကို အနိုင်ယူနိုင်ခဲ့ကာ ဘာစီလိုနာအသင်းရဲ့ ခြေချော်မှုတွေကို အသုံးချ နိုင်ခဲ့တာကြောင့် ပွဲစဉ်(၃၇)အပြီးမှာ ရမှတ် ၈၆ မှတ်နဲ့အတူ အမှတ်ပေးဇယားရဲ့ အဆင့်တစ် နေရာကို သိမ်းပိုက်နိုင်ခဲ့ပြီး ဒုတိယနေရာမှာ ရှိတဲ့ ဘာစီလိုနာအသင်း(၇၉မှတ်)ကို ၇မှတ်အထိ ဖြတ်ထားနိုင်ခဲ့ကာ ရာသီမကုန်မီမှာပဲ လာလီဂါ ချန်ပီယံ ဖြစ်ခဲ့တာပါ။

Photo Credit: Evening Standard

အမှတ်ပေးဖလား ရဖို့အတွက် နိုင်ပွဲတွေ လိုအပ်နေတဲ့ အချိန်မှာ အိုဆာဆူနာအသင်းကို အရေးနိမ့်ခဲ့တဲ့ အပေါ် မက်ဆီဟာ အတော်လေး ကို ဒေါသ ထွက်နေခဲ့ပြီး အိုဆာဆူနာအသင်းနဲ့ ပွဲအပြီး ပြုလုပ်တဲ့ အင်တာဗျူးမှာတော့ ရီးရဲလ် မက်ဒရစ်အသင်းဟာ လာလီဂါချန်ပီယံဘွဲ့ ရရှိဖို့ ထိုက်တန်တယ်လို့ ဝန်ခံသွားခဲ့ပါတယ်။ မက်ဆီ က ” ကျွန်တော်တို့ဟာ ရာသီတိုင်းကို အကောင်းဆုံး ကြိုးစား ကစားပါတယ်။ ဒါပေမယ့် ခြေစွမ်း ဟာ ရာသီတိုင်းမှာ မတည်ငြိမ်နိုင်ပါဘူး။ ဒီနေ့မှာတော့ တစ်ဖက်အသင်းရဲ့ ဂိုးသမားကို ကျော်ဖြတ်ဖို့ မလွယ်ကူခဲ့ပါဘူး။ ကျွန်တော်တို့ ဟာ ဒီနေ့ပွဲမှာ ရှုံးပွဲ မကြုံတွေ့သင့်ဘူးလို့ ထင်ပါတယ်။ ဒီနေ့ပွဲဟာ ဘယ်လောက်အထိ ခက်ခဲမလဲဆိုတာ ကျွန်တော်တို့ သိခဲ့ကြပြီး တစ်ဖက် အသင်းရဲ့ ခံစစ်ကြောင်းကို ထိုးဖောက်နိုင်ဖို့ အတွက် စိတ်ရှည်ရှည်နဲ့ စောင့်ဆိုင်းခဲ့ရပါတယ်။ ရီးရဲလ်မက်ဒရစ် အသင်းကတော့ သူတို့ လုပ်စရာ ရှိတာကို အကောင်းဆုံး လုပ်သွားခဲ့ပါတယ်။ သူတို့ဟာ ပြိုင်ပွဲကို ပြန်လည်စတင်တဲ့ အချိန်က စပြီး အကောင်းဆုံး ကစားသွားနိုင်ခဲ့ပါတယ်။ ကျွန်တော်တို့ကတော့ ဒဏ်ရာပြဿနာ အများအပြားနဲ့ ကြုံတွေ့ခဲ့ရပြီး ရမှတ်တွေလည်း ဆုံးရှုံးခဲ့ရပါတယ်။ အခုချိန်ကတော့ ကိုယ်လုပ်ခဲ့မိတဲ့ အမှားတွေအတွက် ကိုယ့်ဘာသာကိုယ် သုံးသပ်ပြီး နွေရာသီမှာ အမှားတွေကို ပြင်ဆင်ဖို့ပဲ လုပ်ဆောင်ရတော့မှာပါ ” လို့ ပြောဆိုသွားခဲ့တာပဲ ဖြစ်ပါတယ်။