စပိန်လာလီဂါ ရဲ့ ဥက္ကဌ တစ်ဦးဖြစ်တဲ့ ဂျာဗီးယား တီဘတ်စ် က လီယွန်နယ် မက်ဆီ နဲ့ ဆာဂျီယို ရာမို့စ် စတဲ့ ကစားသမားနှစ်ဦးကို လာလီဂါမှာ ဆက်ရှိနေစေချင်တယ်လို့ ဖွင့်ဟ ပြောဆိုခဲ့ပြီးတော့ မန်စီးတီး အသင်းကိုလည်း ဝေဖန်ရှုံ့ချ သွားခဲ့ပါတယ်။ လီယွန်နယ် မက်ဆီ နဲ့ အသင်းဘုတ်အဖွဲ့ဝင်‌တွေကြား ပြဿနာလေးတွေ ဖြစ်ခဲ့ပြီးတဲ့နောက်မှာတော့ မက်ဆီက ပြီးခဲ့တဲ့ ကစားသမားအပြောင်းအရွှေ့ကာလ တုန်းက အသင်းကနေ ထွက်ခွာဖို့ ကြိုးစားခဲ့ပါတယ်။ ထိုအချိန်တုန်းက မက်ဆီ ကို ခေါ်ယူဖို့ အသင်းကြီးတွေ ကြားထဲမှာ ရေပန်းအစားဖြစ်ခဲ့ဆုံး အသင်းကတော့ မန်ချက်စတာစီးတီး ပဲဖြစ်ပါတယ်။ စီးတီး အနေနဲ့ အာဂျင်တီးနား တိုက်စစ်မှူးကို ခေါ်ယူဖို့ အပြင်းအထန် ကြိုးစားခဲ့ပေမယ့်လည်း မက်ဆီ အနေနဲ့ ဘာစီနဲ့ ချုပ်ဆိုထားတဲ့ စာချုပ်သက်တမ်း ကုန်ဆုံးချိန် ၂၀၂၀-၂၁ ရာသီကုန် အထိ နေဖို့ ဖိအားပေးခံခဲ့ရတာကြောင့် မအောင်မြင်ခဲ့ဘူးလို့ ဆိုရပါမယ်။

Photo Credit: Marca

တီဘတ်စ် က ဘာစီလိုနာ အနေနဲ့ ဒီပုံစံအတိုင်းသာ ရှေ့ဆက်သွားမယ်ဆိုရင် လာလီဂါ က ပရိသတ်အားပေးမှု သိသိသာသာ ကျဆင်းသွားမယ်ဆိုတာ မယုံကြည်ပေမယ့်လည်း မက်ဆီ ကို လာလီဂါမှာ ဆက်ရှိနေတာ မြင်ချင်မိတယ်လို့ ဆိုလာပါတယ်။ “ ကျွန်တော်တို့ မက်ဆီကိုတော့ လာလီဂါမှာ ဆက်ရှိစေချင်ပါတယ်။ ဒါပေမယ့် ခရစ်စတီရာနို ရော်နယ်ဒို နဲ့ နေမာ ထွက်ခွာသွားတုန်းကတော့ ကျွန်တော်တို့ အနေနဲ့ ကွဲပြားခြားနားသွားတယ်လို့ မခံစားခဲ့ရပါဘူး။ မက်ဆီ ကို ခေါ်ယူဖို့ ကြိုးစားခဲ့တဲ့ ပရီးမီးယားလိဂ်က အသင်းဆိုလို့ မန်စီးတီးပဲ ရှိပါတယ်။ ကျွန်တော် သူတို့ကို အများကြီး မစိုးရိမ်ပါဘူး။ သူတို့ ကြိမ်ဖန်များစွာ လုပ်ခဲ့တဲ့ အရာတိုင်းကို ကျွန်တော် ဝေဖန်ခဲ့ပြီးပါပြီ။ အဲ့ဒါတွေကို နောက်တစ်ကြိမ် ထပ်လုပ်မယ်ဆိုလည်း ခြားနားမှု ရှိမှာ မဟုတ်ပါဘူး ”

Photo Credit: Marca

“ စီးတီးက ကိုဗစ်ကပ်ဘေး ဒဏ်ကို ခံခဲ့ရတဲ့ အသင်းမဟုတ်ပါဘူး။ ဘာလို့လဲဆိုရင် သူတို့ရဲ့ ဘဏ္ဍာရေးခန့်ခွဲမှုက လုံးဝ မတူညီလို့ပါပဲ။ ကျွန်တော်တို့ အတွက်တော့ အဲ့ဒါက ရင်ဆိုင်ဖို့တောင် မဖြစ်နိုင်ပါဘူး။ ” ဆက်လက်ပြီး ဒီရာသီပြီးဆုံးရင် ရီးရဲလ်မက်ထရစ်နဲ့ စာချုပ်သက်တမ်းကုန်ဆုံးတော့မယ့် ဆာဂျီယို ရာမို့စ် ရဲ့ အကြောင်းနဲ့ ပတ်သက်ပြီးလည်း ပြောဆိုခဲ့ပါတယ်။ နိုင်ငံတကာပွဲစဉ်အပြီး သတင်းစာရှင်းလင်းပွဲမှာ ရာမို့စ်အနေနဲ့ သူ့အနာဂါတ်နဲ့ ပတ်သက်ပြီး ပြောဆိုဖို့ကို ငြင်းဆန်ခဲ့ပြီးတော့ သတင်းအများစုကလည်း ရာမို့စ်နဲ့ ရီးရဲလ်အကြား ညှိနှိုင်းမှုတွေက ရပ်တန့်နေတယ်လို့ ဖော်ပြထားကြပါတယ်။ တီဘတ်စ်က ရာမို့စ်ကို လာလီဂါမှာ ဆက်မြင်နေချင်တဲ့ အကြောင်းကို အခုလိုပဲ ပြောပြခဲ့ပါတယ်။ “ ကျွန်တော် မက်ဆီကို လာလီဂါမှာ ဆက်ရှိနေစေချင်တယ်။ ဆာဂျီယိုရာမို့စ်ကိုလည်း လာလီဂါမှာပဲ ဆက်ရှိနေစေချင်တယ်။ ဒါပေမယ့် ကျွန်တော်တို့က အနည်းဆုံးဖြစ်နိုင်ချေရှိတဲ့ သက်ရောက်မှု အတွက်လည်း ပြင်ဆင်ထားပါတယ်။ ရာမို့စ်က ရီးရဲလ်မက်ထရစ်မှာ ဆက်နေမယ်လို့ ကျွန်တော် ထင်ပါတယ် ” ဆိုပြီး ပြောဆိုခဲ့ပါတယ်။