နိဂုံးချုပ်သွားခဲ့ပြီဖြစ်တဲ့ ၂၀၁၉-၂၀၂၀ ဘောလုံးရာသီ စပိန်လာလီဂါပြိုင်ပွဲရဲ့ အကောင်းဆုံးအသင်း ထုတ်ပြန်ချက် ထွက်ပေါ်လာခဲ့ပါပြီ။ ချန်ပီယံဖြစ်သွားခဲ့တဲ့ ရီးရဲလ်မက်ဒရစ်အသင်းနဲ့ ချန်ပီယံဆုကို လက်လွတ်လိုက်ရတဲ့ ဘာစီလိုနာအသင်းတို့က ကစားသမားတွေကပဲ အများစုရွေးချယ်ခံခဲ့ရပြီး အိုဆာဆူနာလို အသင်းမျိုးက ကစားသမားတစ်ယောက်ပါ ပါဝင်လာခဲ့ပါတယ်။ အကောင်းဆုံးအသင်း(ကစားသမား၁၁ယောက်)ကိုတော့ ၄-၄-၂ ပုံစံနဲ့ ရွေးချယ်လာခဲ့တာဖြစ်ပြီး ရွေးချယ်ခံရတဲ့ ကစားသမားတွေကတော့…

Photo Credit : Goal

ဂိုးသမားနေရာကတော့ ချန်ပီယံရီးရဲလ်အသင်းရဲ့ ကော်တွိုက်စ်ရွေးချယ်ခံခဲ့ရပါတယ်။ ဇာမိုရာဆုပါ ဆက်လက်ဆွတ်ခူးဦးမယ့် ဒီဘယ်ဂျီယံဂိုးသမားက တစ်ရာသီလုံးမှာ Clean Sheets ကို (၁၈)ကြိမ် ရရှိထားခဲ့ပါတယ်။

Photo Credit : Goal

နောက်တန်း(၄)ယောက်မှာတော့ ဂျီးဆပ်နာဗက်စ်(ဆီဗီလာ) ရာမို့စ်(ရီးရဲလ်) ပီကေး(ဘာစီလိုနာ)နဲ့ အက်စတူပီနန်(အိုဆာဆူနာ)တို့ ရွေးချယ်ခံရပါတယ်။ ရာမို့စ်နဲ့ ပီကေးတို့ ရွေးချယ်ခံရတာက အထွေအထူးမဟုတ်ပေမယ့် ဝါရင့်တောင်ပံကစားသမားကြီး နာဗက်စ်ကတော့ မန်စီးတီးမှာ ရှိစဉ်အခါတုန်းက ဂွာဒီယိုလာ သူ့ကိုစမ်းသုံးခဲ့တဲ့ ညာနောက်ခံနေရာနဲ့ လိုက်ဖက်ညီအောင် ကစားခဲ့လို့ အခုလို ရွေးချယ်ခံခဲ့ရတာဖြစ်သလို ဝက်ဖိုဒ့်ကနေ အိုဆာဆူနာမှာ အငှားလာရောက်ကစားနေတဲ့ အီကွေဒါနိုင်ငံသားကလည်း ဘယ်နောက်ခံနေရာမှာ ထူးချွန်စွာ ကစားပြနိုင်ခဲ့လို့ ဒီစာရင်းမှာ ပါဝင်လာခဲ့တာဖြစ်ပါတယ်။

Photo Credit : Goal

ကွင်းလယ်(၄)ယောက်နေရာမှာတော့ မက်ဆီ(ဘာစီလိုနာ) ဆာအူး(အသက်လက်တီကို) ကတ်စ်မဲလ်ရိုး(ရီးရဲလ်)နဲ့ အိုယာဇာဘယ်(ဆိုစီဒက်)တို့ကို ရွေးချယ်ထားပါတယ်။ မက်ဆီကတော့ သွင်းဂိုးရော Assists ပါ အများဆုံးလုပ်ဆောင်ထားသူဖြစ်လို့ သူကို ကွင်းလယ်ရော တိုက်စစ်မှာပါ ကြိုက်သလိုရွေးလို့ရတာ မဆန်းပါဘူး။ ဆာအူးကလည်း အသက်လက်တီကိုကွင်းလယ်မှာ အကောင်းဆုံးမောင်နှင်နိုင်ခဲ့သလို ရီးရဲလ်မှာ မိုဒရစ် ကရူးစ်တို့ အကျဘက်ရောက်လာချိန် ကတ်စ်မဲရိုးရဲ့အခန်းကဏ္ဍာက ကြီးမားလာခဲ့သလို တိုက်စစ်နဲ့ခံစစ်ကို အကောင်းဆုံးချိတ်ဆက်ပေးတဲ့ တာဝန်ကို တစ်ရာသီလုံး ကျေပွန်အောင် ထမ်းဆောင်ခဲ့ပါတယ်။ တောင်ပံကစားသမား အိုယာဇာဘယ်ကတော့ မက်ဆီပြီးရင် သွင်းဂိုးရော ဂိုးဖန်တီးမှုပါ ဒုတိယအများဆုံး ကစားသမားဖြစ်ကာ သူရဲ့စွမ်းဆောင်ရည်ကြောင့် လာမယ့်နှစ်မှာ မန်စီးတီးကို ရောက်ရှိဖွယ်ရှိနေပါတယ်။

Photo Credit : Goal

နောက်ဆုံးကျန်နေတဲ့ တိုက်စစ်(၂)နေရာအတွက်တော့ ဂိုးသွင်းဘုရင်ဖြစ်ခဲ့တဲ့ မက်ဆီပြီးရင် ဒုတိယနဲ့ တတိယမြောက် ဂိုးသွင်းအများဆုံးသူတွေ ဖြစ်နေကြတဲ့ ရီးရဲလ်တိုက်စစ်မှူးဘန်ဇီမာနဲ့ ဗီလာရီးရဲလ်တိုက်စစ်မှူးမော်ရီနိုတို့ကို ရွေးချယ်ထားပါတယ်။ ရော်နယ်ဒိုလောင်းရိပ်မိနေလို့ ထင်သလောက် မတောက်ပခဲ့ရတဲ့ ဘန်ဇီမာဟာ ဒီရာသီ ဘေးလ် ဂျိမ်းစ်ရိုဒရီဂွက်ဇ် ဟာဇက် ဂျိုဗစ် ဗင်နီဆီယပ်စ်နဲ့ ရိုဒရီဂိုတို့လို တိုက်စစ်မှူးတွေ အသင်းအတွက် ဘာမှမယ်မယ်ရရ မလုပ်ဆောင်နိုင်တဲ့ နှစ်မှာပဲ အသင်းရဲ့သွင်းဂိုးတာဝန်တွေကို အကျေပွန်ဆုံး ထမ်းဆောင်နိုင်ခဲ့ပါတယ်။ နောက်ထပ်တိုက်စစ်မှူးမော်ရီနိုကလည်း သူရဲ့သွင်းဂိုး (၁၇)ဂိုးနဲ့ ဗီလာရီးရဲလ်အသင်းကို ယူရိုပါလိဂ်ပြိုင်ပွဲဆီ ပြန်လည်ပို့ဆောင်နိုင်ခဲ့ပါတယ်။