တနင်္ဂနွေနေ့ညက ကစားခဲ့တဲ့ စပိန်စူပါဖလား ပွဲစဉ်ရလဒ် ကတော့ လာလီဂါ အင်အားကြီး အသင်းဖြစ်တဲ့ ဘာစီလိုနာအသင်း နဲ့ ကမ္ဘာ့ထိပ်တန်းကစားသမား လီယွန်နယ် မက်ဆီ တို့ အတွက်တော့ ကျေနပ်လောက်စရာ လိုချင်ခဲ့တဲ့ ရလဒ်တစ်ခု မဟုတ်ခဲ့တာတော့ သေချာပါတယ်။ ဘာစီလိုနာ အသင်းအနေနဲ့ အသလက်တစ် ဘီလ်ဘာအို အသင်းကို ၂ ဂိုး- ၃ ဂိုးနဲ့ အရေးနိမ့်ခဲ့ရသလို လီယွန်နယ် မက်ဆီ အနေနဲ့လည်း ပွဲကစားချိန် ပြီးခါနီးလောက်မှာ ဘီလ်ဘာအို ကစားသမား အာစီရဲ ဗီလာလီးဘရေး အပေါ်ကို ကစားပုံ ကြမ်းတမ်းခဲ့တယ် ဆိုပြီးတော့ ဘာစီလိုနာ ကစားသမားဘဝ တစ်လျှောက် ၁၇ နှစ်တာကာလ အတွင်း ပထမဆုံးသော အနီကတ် ပြသခြင်းကို ခံခဲ့ရပါတယ်။

Photo Credit: Sport Bible

ဘာစီလိုနာ အသင်းအနေနဲ့ ဘီလ်ဘာအို အသင်းကို ပွဲပြီးခါနီးအချိန်ထိ တစ်ဂိုးအသာနဲ့ အနိုင်ယူထားနိုင်ခဲ့ပေမယ့်လည်း ပွဲကစားချိန် မိနစ် ၉၀ အရောက်မှာ ဘီလ်ဘာအို ကစားသမား အာစီရဲ ဗီလာလီးဘရေး က ချေပဂိုး ပြန်လည် သွင်းယူခဲ့တာဖြစ်ပြီး အပိုချိန် ၉၃ မိနစ်အရောက်မှာ အီနာကီ ဝီလီယံစ် က ဦးဆောင်ဂိုး သွင်းယူခဲ့တာကြောင့် ဘာစီလိုနာ တို့ ရှုံးနိမ့်ခဲ့ရတာ ဖြစ်ပါတယ်။ မက်ဆီ အနေနဲ့ ပွဲကစားချိန် ၁၂၁ မိနစ်အရောက်မှာ ပြိုင်ဘက် ကစားသမားဖြစ်သူ ဗီလာလီးဘရေးက ပြေးလမ်းပိတ်ထားခဲ့တဲ့ အပေါ် စိတ်လိုက်မာန်ပါ ပြန်လည် တုံ့ပြန်ခဲ့တာကြောင့် ကွင်းလယ်ဒိုင်လူကြီးက ရုပ်သံအနှေးပြကွက်ကို ပြန်လည် ကြည့်ရှုပြီး တိုက်ရိုက် အနီကတ် ပြသခဲ့တာ ဖြစ်ပါတယ်။

Photo Credit: Sport Bible

သတင်းတွေအရတော့ ပွဲအပြီးမှာ လီယွန်နယ် မက်ဆီ ဟာ အဝတ်လဲခန်းထဲမှာ အတော်လေး စိတ်ပျက်လက်လျှော့တဲ့ အနေအထားမှာ ရှိနေခဲ့ပြီးတော့ ဖြစ်ခဲ့တာတွေနဲ့ ပတ်သက်ပြီး စိတ်ပျက်နေခဲ့တယ်လို့ သိရပါတယ်။ ဒါ့အပြင် သူ့ကို ပြသခံခဲ့ရတဲ့ အနီကတ် အတွက် အသင်းဖော် ကစားသမားတွေကိုလည်း တောင်း‌ပန်နေခဲ့ပါတယ်။ ပွဲအစီရင်ခံစာထဲမှာတော့ လီယွန်နယ် မက်ဆီ အနေနဲ့ ပြိုင်ဘက် ကစားသမား အပေါ်ကို အလွန်အကျွံအား အသုံးပြုပြီး လက်သီးနဲ့ ထိုးခဲ့တာကြောင့် အနီကတ်ပြသခဲ့တာ ဖြစ်တယ်လို့ ကွင်းလယ်ဒိုင်ဖြစ်သူ ဂျီးဆပ်ဂဲလ် မန်ဇာနိုက ရေးသားဖော်ပြထားပါတယ်။ မက်ဆီ အနေနဲ့ အဆိုပါ အဖြစ်အပျက်ကြောင့် ဘာစီလိုနာ ကစားသမားဘဝ ပထမဆုံး အနီကတ်ကို ပြသခံခဲ့ရပြီးတော့ ပြစ်ဒဏ်တစ်‌မျိုးမျိုးလည်း ကျခံသွားရဖို့ ရှိနေတာ ဖြစ်ပါတယ်။ အကယ်၍သာ စပိန်ဘောလုံး ကော်မတီက မက်ဆီ ရဲ့ အဆိုပါ အပြုအမူဟာ ရန်မူတဲ့ အပြုအမူလို့သာ ယူဆခဲ့ရင်တော့ မက်ဆီ အနေနဲ့ အနည်းဆုံး ၄ ပွဲကနေ အများဆုံး ၁၂ ပွဲအထိ ပွဲပယ် ပြစ်ဒဏ်ခံရမှာ ဖြစ်ပါတယ်။