ပြင်သစ် အင်အားကြီးကလပ် ပီအက်စ်ဂျီအသင်းရဲ့ အဓိက တိုက်စစ်မှူး ဖြစ်သူ လီယွန်နယ် မက်ဆီကတော့ ယခုနှစ် ဘောလုံးရာသီမှာ သူတို့အသင်းရဲ့ အဓိက ရည်ရွယ်ချက်ဟာ ချန်ပီယံလိဂ် ဆုဖလားကို အရယူဖို့သာ ဖြစ်ကြောင်း ထုတ်ဖော် ပြောကြားသွားခဲ့ပါတယ်။

အသက် ၃၃နှစ် အရွယ် အာဂျင်တီးနား အသင်းခေါင်းဆောင် လီယွန်နယ် မက်ဆီဟာ ယခုနှစ် ဘောလုံးရာသီ အစကမှ ဘာစီလိုနာအသင်း ကနေ ပီအက်စ်ဂျီအသင်းထံ အလွတ် ပြောင်းရွှေ့ကြေးနဲ့ ပြောင်းရွှေ့လာသူ တဦး ဖြစ်ကာ ၃နှစ် သက်တမ်း ရှိတဲ့ စာချုပ်တရပ် ချုပ်ဆိုထားသူပါ။

Photo Credit: Marca

မက်ဆီဟာ သူ့ရဲ့ ကစားသမားဘဝ ကနေ အနားမယူခင်မှာ ချန်ပီယံလိဂ် ဆုဖလားကို နောက်ထပ် တကြိမ် ထပ်မံ ရယူချင်နေသူ ဖြစ်သလို ပီအက်စ်ဂျီအသင်းကလည်း သူတို့အသင်းရဲ့ သမိုင်းတလျှောက် ပထမဦးဆုံး အကြိမ် ချန်ပီယံလိဂ် ဆုဖလားကို အရယူဖို့ စိုင်းပြင်းနေပါတယ်။

ဒါပေမယ့် ယခုနှစ် ဘောလုံးရာသီမှာ ပီအက်စ်ဂျီအသင်းရဲ့ ခြေစွမ်းပိုင်းဟာ အားရစရာ မကောင်းသေးပဲ ချန်ပီယံလိဂ်ပြိုင်ပွဲမှာ အုပ်စုဒုတိယနေရာနဲ့သာ နောက်တဆင့်ဆီ တက်လှမ်းနိုင်ခဲ့တာကြောင့် ၁၆သင်းအဆင့်မှာ လာလီဂါ အင်အားကြီးကလပ် ရီးရဲလ်မက်ဒရစ်အသင်းနဲ့ ထိပ်တိုက် တွေ့ဆုံနေပါတယ်။

Photo Credit: Marca

မက်ဆီကတော့ ၁၆သင်းအဆင့်မှာ သူတို့အသင်းနဲ့ ထိပ်တိုက် တွေ့ဆုံနေတဲ့ ရီးရဲလ်မက်ဒရစ် အသင်းဟာ ထိပ်သီးအသင်း တသင်း ဖြစ်ပေမယ့် သူတို့အသင်းရဲ့ နံပါတ်တစ် ပစ်မှတ်ဟာ ချန်ပီယံလိဂ် ဆုဖလားကို အရယူဖို့ ဖြစ်တာကြောင့် ရီးရဲလ်မက်ဒရစ်ကို ဖြတ်ကျော်ဖို့ အဆင်သင့်ပဲလို့ နောက်ဆုံး ပြုလုပ်ခဲ့တဲ့ အင်တာဗျူးမှာ ပြောကြားသွားခဲ့ပါတယ်။

မက်ဆီက – “ပီအက်စ်ဂျီအသင်းရဲ့ နံပါတ်တစ် ရည်ရွယ်ချက်က ချန်ပီယံလိဂ် ဆုဖလားကို အရယူဖို့ပါ။ ဒါက အသင်းမှာ ရှိတဲ့ လူတိုင်းရဲ့ ရည်မှန်းချက်လည်း ဖြစ်ပါတယ်။ ပီအက်စ်ဂျီအသင်းက ရှေ့တနှစ်မှာ ချန်ပီယံလိဂ် ဆုဖလားကို ရယူနိုင်ဖို့ အတော်လေး နီးစပ်ခဲ့ပါတယ်။ အသင်းတိုင်းက ဒီပြိုင်ပွဲမှာ ဗိုလ်စွဲနိုင်ဖို့ ကြိုးစားလေ့ ရှိကြပါတယ်။ ဒါကြောင့် ကျွန်တော်တို့က ပွဲစဉ်တိုင်းမှာ အာရုံစူးစိုက်မှု အပြည့်နဲ့ ကစားပြီး ချန်ပီယံဖြစ်အောင် ကြိုးစားသွားမှာပါ” လို့ ဖွင့်ဟ ပြောပြသွားခဲ့တာပါ။