ပြင်သစ် လီဂူးဝမ်း အင်အားကြီးကလပ် ပီအက်စ်ဂျီနဲ့ အာဂျင်တီးနား လက်ရွေးစင်အသင်းရဲ့ အဓိက တိုက်စစ်မှူး လီယွန်နယ် မက်ဆီဟာ ပီအက်စ်ဂျီနဲ့ စာချုပ်သက်တမ်း ကုန်ဆုံးသွားရင် သူ့ရဲ့ အသင်းဟောင်း ဘာစီလိုနာဆီ ပြန်ပြောင်းဖို့ စိတ်ကူးရှိပေမယ့် ဘာစီလိုနာရဲ့ လက်ရှိ ဥက္ကဌ လာပေါ်တာသာ အသင်းရဲ့ ဥက္ကဌ အဖြစ် ဆက်ရှိနေသေးရင် ဘာစီလိုနာဆီ ပြန်သွားဦးမှာ မဟုတ်ကြောင်း အာဂျင်တီးနား အခြေစိုက် သတင်းဌာနတွေက အခိုင်အမာ ဖော်ပြသွားကြပါတယ်။

အသက် ၃၄နှစ် အရွယ် အာဂျင်တီးနား လက်ရွေးစင် အသင်းခေါင်းဆောင် တိုက်စစ်မှူး လီယွန်နယ် မက်ဆီဟာ ယခုနှစ် ဘောလုံးရာသီ အစကမှ သူ့ရဲ့ ကစားသမား ဘဝ တလျှောက်လုံး ကစားခဲ့တဲ့ ဘာစီလိုနာကို စွန့်ခွာကာ ပီအက်စ်ဂျီဆီ ၃နှစ်စာချုပ်နဲ့ ပြောင်းရွှေ့လာခဲ့သူပါ။

Photo Credit: Mirror

မက်ဆီဟာ ငယ်စဉ်ကတည်းက ကစားခဲ့တဲ့ ဘာစီလိုနာကို စွန့်ခွာကာ အသင်းပြောင်းဖို့ ဆန္ဒမရှိပေမယ့် လာပေါ်တာ ဦးဆောင်တဲ့ ဘာစီလိုနာ ဘုတ်အဖွဲ့ဟာ မက်ဆီကို စာချုပ်သစ် ချုပ်ဆိုမယ်လို့ ကတိကဝတ် ပြုပြီးမှ စာချုပ်သစ် မချုပ်တော့ဖို့ ပြန်ပြောင်း ဆုံးဖြတ်ခဲ့တာကြောင့်ပဲ မက်ဆီက ဘာစီလိုနာကနေ မျက်ရည်စက်လက်နဲ့ ထွက်ခွာခဲ့ရတာပါ။

လာပေါ်တာက မက်ဆီကို စာချုပ်သစ် မချုပ်ဖို့ ဆုံးဖြတ်လိုက်တာဟာ အသင်းရဲ့ ကောင်းကျိုးအတွက်ပါ လို့ အကြောင်းပြချက် ပေးထားပေမယ့် မက်ဆီကတော့ သူဟာ လုပ်ခလစာ ထက်ဝက်နီးပါး လျှော့ယူပေးဖို့ ဆုံးဖြတ်ထားတာတောင် အသင်းဘက်က သူ့ကို စာချုပ်သစ် မချုပ်ပဲ လက်လွှတ်ဖို့ ဆုံးဖြတ်ခဲ့တာနဲ့ ပတ်သတ်ပြီး အတော်လေးကို စိတ်ထိခိုက်နေကာ ဒီဆုံးဖြတ်ချက်ရဲ့ နောက်ကွယ်မှာ လာပေါ်တာ တယောက် ရှိနေလိမ့်မယ်လို့ တထစ်ချ ယုံကြည်နေပါတယ်။

Photo Credit: Mirror

ဒါကြောင့်ပဲ မက်ဆီက လာပေါ်တာ မရှိတော့မှသာ ဘာစီလိုနာဆီ ပြန်လည် ပြောင်းရွှေ့ဖို့ ဆုံးဖြတ်ထားပြီး လာပေါ်တာကလည်း သူနဲ့ ဆက်ဆံရေး အဆင်မပြေတဲ့ မက်ဆီကို ပြန်မခေါ်ဖို့ စဉ်းစားထားကြောင်း နာမည်ကြီး သတင်းဌာန တခု ဖြစ်တဲ့ TYC Sports သတင်းဌာနက ဆိုပါတယ်။