ပြင်သစ် အင်အားကြီးကလပ် ပီအက်စ်ဂျီအသင်းရဲ့ အဓိက တိုက်စစ်မှူး လီယွန်နယ် မက်ဆီဟာ ပီအက်စ်ဂျီအသင်းနဲ့ စာချုပ်သက်တမ်း ကုန်ဆုံးသွားခဲ့ရင် သူ့ရဲ့ အသင်းဟောင်း ဘာစီလိုနာအသင်းဆီ ပြန်သွားဖို့ စီစဉ်ထားပေမယ့် ဘာစီလိုနာအသင်းမှာ ဥက္ကဌ လာပေါ်တာ ရှိနေခဲ့ရင် ဘာစီလိုနာအသင်းဆီ ပြန်လာမှာ မဟုတ်ကြောင်း ကတ်တလန်တာ အခြေစိုက် သတင်းဌာနတွေက ဖော်ပြသွားကြပါတယ်။

အသက် ၃၄နှစ် အရွယ် အာဂျင်တီးနား အသင်းခေါင်းဆောင် လီယွန်နယ် မက်ဆီဟာ သူ့ရဲ့ ကစားသမားဘဝ တခုလုံးကို ဘာစီလိုနာအသင်းနဲ့ အတူ ဖြတ်သန်းခဲ့သူ ဖြစ်ပြီး ဘာစီလိုနာအသင်းရဲ့ သမိုင်းတလျှောက် ထာဝရ အကောင်းဆုံး ကစားသမား အဖြစ်လည်း သတ်မှတ်ခံထားရသူပါ။

ဒါပေမယ့် မက်ဆီဟာ ပြီးခဲ့တဲ့ နွေရာသီ အပြောင်းအရွှေ့မှာတော့ မထင်မှတ်ပဲ ဘာစီလိုနာအသင်း ကနေ ပီအက်စ်ဂျီအသင်းဆီ အလွတ် ပြောင်းရွှေ့ကြေးနဲ့ ပြောင်းရွှေ့ခဲ့ရပြီး မက်ဆီနဲ့ ဘာစီလိုနာအသင်းတို့ လမ်းခွဲခဲ့ရတဲ့ အဓိက အကြောင်းအရင်းတွေထဲမှာ ဘာစီလိုနာ ဥက္ကဌ လာပေါ်တာလည်း ပါဝင်ပါတယ်။

Photo Credit: ESPN

ဘာစီလိုနာအသင်းဟာ ကနဦးမှာ မက်ဆီကို စာချုပ်သစ် ချုပ်ဆိုဖို့ သဘောတူညီမှု ရယူခဲ့ပြီး မက်ဆီကလည်း အသင်းရဲ့ ဘဏ္ဍာရေး အခြေအနေကြောင့် စာချုပ်သစ်မှာ လစာငွေ လျှော့ယူဖို့ သဘောတူခဲ့ပေမယ့် စာချုပ်သစ် ချုပ်ဆိုမယ့်နေ့မှာတော့ ဘာစီလိုနာ ဥက္ကဌ လာပေါ်တာက အသင်းအနေနဲ့ မက်ဆီကို စာချုပ်သစ် ချုပ်ဆိုလိုခြင်း မရှိတော့ကြောင်းနဲ့ မက်ဆီဟာ အသင်းကနေ အလွတ် ပြောင်းရွှေ့ကြေးနဲ့ ထွက်ခွာနိုင်ပြီ ဖြစ်ကြောင်း မက်ဆီရဲ့ မိသားစုကို အကြောင်းကြားခဲ့ပါတယ်။

လာပေါ်တာက မက်ဆီကို စာချုပ်သစ် ချုပ်ဆိုနိုင်ခြင်း မရှိတာဟာ လာလီဂါ ဘောလုံးအဖွဲ့ချုပ်က သူတို့ကို ခွင့်ပြုချက် မပေးခဲ့လို့ ဖြစ်ကြောင်း အကြောင်းပြခဲ့ပေမယ့် နောက်ပိုင်းမှာ လာလီဂါ ဘောလုံးအဖွဲ့ချုပ်ရဲ့ ဥက္ကဌ တေဗက်က သူတို့ဟာ ဘာစီလိုနာအသင်းနဲ့ မက်ဆီတို့ရဲ့ စာချုပ်ကိစ္စကို မကန့်ကွက်ခဲ့သလို ဘာစီလိုနာအသင်း အနေနဲ့ မက်ဆီကို ဆက်လက် ထိန်းသိမ်းနိုင်အောင် ကူညီဖို့ ကြိုးစားခဲ့ကြောင်း ထုတ်ဖော် ပြောကြားခဲ့တဲ့နောက် လာပေါ်တာရဲ့ လုပ်ကြံဇာတ်လမ်းလည်း ဘူးပေါ်သလို ပေါ်ခဲ့ရပါတယ်။

Photo Credit: ESPN

အဲ့ဒီနောက်မှာတော့ မက်ဆီနဲ့ လာပေါ်တာတို့ရဲ့ ကြားမှာ ဆက်ဆံရေး အဆင်မပြေတော့ပဲ မက်ဆီက လာပေါ်တာဟာ သူနဲ့ သူ့ရဲ့ မိသားစုအပေါ် ရိုးသားမှု မရှိခဲ့ကြောင်း အင်တာဗျူး တခုမှာ အတိအလင်း ထုတ်ဖော် ပြောကြားခဲ့ဖူးပါတယ်။

ကတ်တလန်တာ အခြေစိုက် နာမည်ကြီး သတင်းဌာန တခု ဖြစ်တဲ့ Mundo Deportivo သတင်းဌာနရဲ့ ဖော်ပြချက်အရ မက်ဆီဟာ ပီအက်စ်ဂျီအသင်းနဲ့ စာချုပ်သက်တမ်း ကုန်ဆုံးမယ့် ၂၀၂၃ခုနှစ် ရောက်ရင် သူ့ရဲ့ အသင်းဟောင်း ဘာစီလိုနာအသင်းဆီ ပြန်လာချင်နေပေမယ့် အကယ်၍ အဲ့ဒီအချိန်မှာ လာပေါ်တာကသာ ဘာစီလိုနာအသင်းရဲ့ ဥက္ကဌ အဖြစ် ဆက်လက် ရှိနေသေးရင် ဘာစီလိုနာအသင်းဆီ မပြန်လာတော့ပဲ သူ့ရဲ့ ငယ်ဘဝကလပ် နယူးဝဲလ်အိုဘွိုင်းအသင်း ဒါမှမဟုတ် အမေရိကန် မေဂျာလိဂ် အသင်းတသင်းဆီသာ ပြောင်းရွှေ့ဖို့ ဆုံးဖြတ်ထားကြောင်း သိရပါတယ်။