ဂျုဗင်တပ်စ်အသင်းရဲ့ ကစားသမားဟောင်းလည်းဖြစ် လက်ရှိအသင်းရဲ့နည်းပြလည်းဖြစ်တဲ့ အန်ဒရီပီယာလိုက သူတို့အသင်းနဲ့ ချန်ပီယံလိဂ် အုပ်စုနောက်ဆုံးပွဲစဉ်အဖြစ် ရင်ဆိုင်ကစားရမယ့် ဘာစီလိုနာအသင်းရဲ့ အသင်းခေါင်းဆောင် တိုက်စစ်ကစားသမား လီယွန်နယ်မက်ဆီအနေနဲ့ ဒီနှစ်ဘောလုံးရာသီအတွင်း ရုန်းကန်မှုအနည်းငယ် ဖြစ်ပွားနေရတာဟာ သူရဲ့ကွင်းအတွင်းစွမ်းဆောင်ရည်တွေမဟုတ်ကြောင့် စိတ်ပိုင်းဆိုင်ရာပြသာနာတစ်ခုခုကြောင့်သာ ဖြစ်နိုင်တယ်လို့ သုံးသပ်ပြောဆိုသွားခဲ့ပါတယ်။

Photo Credit : Sky Sports

အသက်(၃၃)နှစ်အရွှယ်ရှိ အာဂျင်တီးနားလက်ရွေးစင် တိုက်စစ်ကစားသမား လီယွန်နယ်မက်ဆီဟာ ဒီနှစ်ဘောလုံးရာသီအစကတည်းက သူရဲ့အနာဂတ်မတည်မငြိမ် ဖြစ်ခဲ့ရမှုတွေနဲ့ စတင်ခဲ့ရတာဖြစ်ပြီး ပွဲစဉ်တချို့မှာလည်း ယခင်ကထက် ပိုမိုရုန်းကန်ရမှုတွေနဲ့ ကြုံတွေ့ခဲ့ရပါတယ်။ နှစ်တိုင်းလိုလို လာလီဂါပြိုင်ပွဲရဲ့ ဂိုးသွင်းအများဆုံး ကစားသမားများစာရင်းအတွင်း ထိပ်ဆုံးနေရာကနေ ရပ်တည်နေနိုင်ခဲ့တဲ့ မက်ဆီဟာ ဒီရာသီမှာတော့ အသင်းအတွက (၁၀)ပွဲ ကစားထားပြီးနောက်မှာ (၄)ဂိုးသာ သွင်းယူထားခဲ့ပြီး ထိပ်ဆုံးနေရာက ဆိုစီဒက်ကြယ်ပွင့် အော်ယာဇာဘယ်လ်နဲ့ (၃)ဂိုးကွာဟလို့နေပါတယ်။

Photo Credit : Marca

ဒီလိုအခြေအနေတွေနဲ့ ရင်ဆိုင်နေရတဲ့ မက်ဆီဟာ တကယ်တမ်းတော့ ရာသီအစကတည်းက စိတ်ညစ်စရာတွေ စိတ်ပင်ပန်းစရာ ကိစ္စတွေနဲ့ ဖြတ်သန်းခဲ့ရလို့သာ အခုလိုမျိုး ဖြစ်နေရတာလို့ ပီယာလိုကနေ သုံးသပ်ပြောဆိုုလိုက်ပါတယ်။ ပီယာလိုက “မက်ဆီက သူ့ဘဝရဲ့ အကောင်းဆုံးသော အချိန်ကို ရောက်ရှိလို့နေတာပါ။ ဒါပေမယ့် ကစားသမားဘဝရဲ့ အကောင်းဆုံးအချိန်တော့ မဟုတ်ပါဘူး။ ဘာကြောင့်လဲဆိုတော့ ပြီးခဲ့တဲ့နွေရာသီတုန်းက ပြသာနာတစ်ခုနဲ့ ရင်ဆိုင်ခဲ့ရလို့ပါ။ ဒီပြသာနာကတော့ ဘာစီလိုနာအသင်းမှာ ဆက်နေမနေဆိုတာကို ဆုံးဖြတ်ရတဲ့ ပြသာနာပါ။ ဒါပေမယ့်လည်း သူက ပွဲစဉ်တွေအတွင်းမှာတော့ သူရဲ့တန်ဖိုးကို အမြဲတမ်းထုတ်ပြနိုင်တတ်ပါတယ်။ ဒါက ဘောလုံးပြသာနာတစ်ခုထက်ကို ပိုပါတယ်။ သူက စိတ်ပိုင်းဆိုင်ရာ ပြသာနာတစ်ခုခုနဲ့ ရင်ဆိုင်ကြုံတွေ့နေရတာ ဖြစ်ကောင်းဖြစ်နိုင်ပါလိမ့်မယ်။ ဒါပေမယ့် ဒီကိစ္စက ကျွန်တော်တို့နဲ့ မသက်ဆိုင်ပါဘူး။ မက်ဆီဆိုတာ တကယ့်ကို အံ့မခန်းကစားသမားတစ်ယောက်ပါ။ ဒါကိုလည်း မက်ဆီဘက်ကနေ ထုတ်ဖော်ပြသပြီးသားပါ” လို့ ရှင်းလင်းပြောဆိုသွားခဲ့ပါတယ်။ လက်ရှိမှာတော့ မက်ဆီရဲ့ ဘာစီလိုနာအသင်းဟာ စပိန်လာလီဂါပြိုင်ပွဲမှာ အတော်လေးကို ရုန်းကန်နေရသလောက် ချန်ပီယံလိဂ်မှာတော့ ပွဲတိုင်းကို ရာနှုန်းပြည့်အနိုင်ယူထားပြီး မနက်ဖြန်မှာ ကစားရမယ့် ဂျုဗင်တပ်စ်အသင်းနဲ့ ပွဲစဉ်မှာ ရှံးနိမ့်ခဲ့မယ်ဆိုရင်တောင် ဂိုးကွာခြားချက်က အလွန်သာနေတဲ့အတွက် အုပ်စုဗိုလ်နေရာ ပိုင်ဆိုင်ဖို့က အခြေအနေများလို့နေပါတယ်။