အာဂျင်တီးနားအသင်းနဲ့ ဘာစီလိုနာအသင်းတို့ရဲ့ အဓိကတိုက်စစ်မှူးဖြစ်သူ လီယွန်နယ် မက်ဆီဟာ သူ့ရဲ့မဟာပြိုင်ဘက်ဖြစ်တဲ့ ပေါ်တူဂီအသင်းနဲ့ ဂျူဗင်တပ်အသင်းတို့ရဲ့ တိုက်စစ်မှူး စီရိုနယ်ဒိုဟာ သားရဲတစ်ကောင်နဲ့တူတဲ့ ကစားသမားပါလို့ ချီးကျူးပြောဆိုသွားခဲ့ပါတယ်။ မက်ဆီနဲ့ ရိုနယ်ဒိုတို့ဟာ ကမ္ဘာ့ဘောလုံးသမိုင်းမှာ အကောင်းဆုံးပြိုင်ဘက်နှစ်ဦးအဖြစ် အများရဲ့ သတ်မှတ်ခြင်းကို ခံထားရသလို လက်ရှိ အထိလဲ သူတို့နှစ်ဦးဟာ အခြားထိပ်တန်း ကစားသမားတွေထက် တစ်ဆင့်မြင့်တဲ့နေရာမှာ ရှိတယ်လို့ ယူဆခံထားရသူတွေပါ။

Photo Credit: Express.com

လက်ရှိအချိန်မှာတော့ မက်ဆီဟာ အသက် ၃၂နှစ်အရွယ်ရှိနေပြီဖြစ်သလို ရိုနယ်ဒိုအနေနဲ့လည်း အသက်၃၅နှစ်ပြည့်သွားပြီလည်း ဖြစ်ပါတယ်။ ဒါပေမယ့် ဒီကစားသမားနှစ်ဦးရဲ့ သွင်းဂိုးတွေ ၊ ဂိုးဖန်တီးမှုတွေ ၊ စံချိန်တွေဟာ ရပ်တန့်သွားခဲ့ခြင်းမရှိပဲ လက်ရှိအထိ စံချိန် ၊ မှတ်တမ်းကောင်းတွေကို အပြိုင်အဆိုင် တင်နေကြသူတွေပါ။ ဒီပို့တီဗိုသတင်းစာနဲ့ ပြုလုပ်ခဲ့တဲ့ အင်တာဗျူးမှာတော့ မက်ဆီက သူ့ရဲ့ပြိုင်ဘက် ရိုနယ်ဒိုကို သားရဲတစ်ကောင်အလား သန်မာတဲ့ တိုက်စစ်မှူးဖြစ်ကြောင်း ချီးကျူးပြောဆိုသွားခဲ့ပါတယ်။

Photo Credit: Express.com

စီရိုနယ်ဒိုရဲ့ ဂိုးသွင်းခြေစွမ်းနဲ့ပတ်သတ်ပြီး မက်ဆီက ” ရိုနယ်ဒို ဂိုးတွေဆက်သွင်းနေတာက အံ့အားသင့်စရာမကောင်းပါဘူး။ သူက သားရဲတိုက်စစ်မှူး(သားရဲတစ်ကောင်လို သန်မာသူ) ပါ။ သူက ဂိုးသွင်းရတာကို ချစ်မြတ်နိုးတယ်။ သူဟာ ဘောလုံးကစားတဲ့နေ့တိုင်းမှာ ဂိုးသွင်းတဲ့သူမျိုးပါ။ သူ့မှာ တိုက်စစ်မှူးတစ်ဦး လိုအပ်တဲ့ အရည်အချင်းတွေ အများကြီးရှိပြီး ရလာတဲ့ အခွင့်အရေးနည်းနည်းလေးကို သွင်းဂိုးတွေအဖြစ် ပြောင်းနိုင်သူပါ ” လို့ ချီးကျူးပြောဆိုသွားခဲ့တာပါ။ စီရိုနယ်ဒိုဟာ လက်ရှိ စီးရီးအေ ဘောလုံးရာသီမှာ ဂျူဗင်တပ်အသင်းနဲ့အတူ ပွဲ၂၀ဝင်ရောက် ကစားထားပြီး ဂိုး၂၀သွင်းထားနိုင်သူလည်း ဖြစ်ပါတယ်။