ယနေ့မနက် အစောပိုင်းမှာ ယှဉ်ပြိုင် ကစားခဲ့တဲ့ ကိုပါအမေရိကပြိုင်ပွဲရဲ့ လက်ကျန် ဆီမီးဖိုင်နယ်ပွဲစဉ်မှာတော့ အာဂျင်တီးနားအသင်းဟာ ကိုလံဘီယာအသင်းကို ပင်နယ်တီ အဆုံးအဖြတ်နဲ့ အနိုင်ရရှိကာ ဗိုလ်လုပွဲကို တက်ရောက်နိုင်ခဲ့ပါတယ်။

အဆိုပါပွဲမှာ အာဂျင်တီးနားအသင်း အတွက် အဓိကကျခဲ့တဲ့ ကစားသမား ကတော့ ဂိုးသမား မာတီနက်ဇ် ဖြစ်ပြီး မာတီနက်ဇ်ဟာ သာမန် ပွဲကစားချိန် အတွင်းမှာ ကိုလံဘီယာအသင်းရဲ့ ဂိုးသွင်းခွင့် တချို့ကို ပုတ်ထုတ် ကာကွယ်နိုင်ခဲ့သလို ပင်နယ်တီ အဆုံးအဖြတ်မှာလည်း အာဂျင်တီးနားအသင်း အတွက် အဓိကကျခဲ့တဲ့ ကစားသမား ဖြစ်ခဲ့ပါတယ်။

Photo Credit: Bein Sports

အာဂျင်တီးနားအသင်းနဲ့ ကိုလံဘီယာအသင်းတို့ဟာ သာမန် ပွဲကစားချိန် အတွင်းမှာ တဖက် တဂိုးစီ သရေရလဒ် ထွက်ပေါ်ခဲ့တာကြောင့် ပင်နယ်တီ အဆုံးအဖြတ် ခံယူခဲ့ရတာ ဖြစ်ပြီး အာဂျင်တီးနားအသင်းရဲ့ ဂိုးသမား မာတီနက်ဇ်ဟာ ကိုလံဘီယာအသင်းရဲ့ ပင်နယ်တီ ကန်သွင်းမှု ၃ကြိမ်ကို လက်စွမ်းပြ ပုတ်ထုတ် ကာကွယ်နိုင်ခဲ့တာကြောင့် အာဂျင်တီးနားအသင်း အနေနဲ့ ကိုလံဘီယာအသင်းကို အနိုင်ရခဲ့တာပါ။

ဒါကြောင့်ပဲ ကိုလံဘီယာအသင်းကို အနိုင်ရပြီးနောက် မာတီနက်ဇ်ကို အသင်းရဲ့ သူရဲကောင်းတဦး အဖြစ် အာဂျင်တီးနား နိုင်ငံသားတွေက ချီးကျူးနေကြပြီး အာဂျင်တီးနားအသင်းရဲ့ အသင်းခေါင်းဆောင် မက်ဆီကလဲ ပွဲပြီးဆုံးချိန်မှာ မာတီနက်ဇ်ဟာ ထိပ်တန်း ဂိုးသမား တဦး ဖြစ်ကြောင်းနဲ့ သူတို့အားလုံးဟာ မာတီနက်ဇ်ရဲ့ အရည်အသွေးကို ယုံကြည်ကြကြောင်း ဆိုလာပါတယ်။

 

Photo Credit: Bein Sports

မာတီနက်ဇ်ရဲ့ အရည်အချင်းနဲ့ ပတ်သတ်ပြီး မက်ဆီက – “ကျွန်တော်တို့အသင်းမှာ အီမီ(မာတီနက်ဇ်) ရှိပါတယ်။ သူက တကယ့် ထိပ်တန်း ဂိုးသမားတဦးပါ။ ကျွန်တော်တို့တွေက သူ့ရဲ့ အရည်အချင်းကို ယုံံကြည်ပါတယ်။ ကျွန်တော်တို့တွေ အားလုံးဟာ ပြိုင်ပွဲမစတင်ခင်က ချမှတ်ခဲ့တဲ့ ပန်းတိုင်တခုဆီကို အရောက် သွားနိုင်ခဲ့ပါပြီ။ အခုဆိုရင် ကျွန်တော်တို့က ဗိုလ်လုပွဲ ရောက်ခဲ့ပါပြီ” လို့ ချီးကျူးခဲ့တာပဲ ဖြစ်ပါတယ်။

အက်စ်တွန်ဗီလာအသင်းနဲ့ အာဂျင်တီးနားအသင်းတို့ရဲ့ နံပါတ်တစ် ဂိုးသမား မာတီနက်ဇ်ဟာ ပင်နယ်တီ ကာကွယ်ရာမှာ ကောင်းမွန်တဲ့ ကစားသမား တဦး ဖြစ်ကာ ပရီးမီးယားလိဂ် နာမည်ကြီးကလပ် အာဆင်နယ်အသင်းမှာ ရှိနေစဉ်ကလည်း လီဗာပူးအသင်းနဲ့ အာဆင်နယ်အသင်းတို့ရဲ့ ကွန်မြူနတီဒိုင်းပွဲစဉ်မှာ သူ့ရဲ့ ပင်နယ်တီ ကာကွယ်နိုင်မှု စွမ်းရည်ကို ပြသဖူးပြီး သူ့ရဲ့ စွမ်းဆောင်ရည်တွေကြောင့်ပဲ အာဆင်နယ်အသင်းဟာ ကွန်မြူနတီဒိုင်းကို အရယူနိုင်ခဲ့ပါသေးတယ်။ မာတီနက်ဇ် တယောက် အာဂျင်တီးနားအသင်းနဲ့ ကိုပါအမေရိကဖလားကို အရယူနိုင်မလား ဆိုတာ ဆက်လက် စောင့်ကြည့်လိုက်ရအောင်ဗျာ။