ကမ္ဘာ့အကောင်းဆုံး ကစားသမားဆု အဖြစ် သတ်မှတ်ခံထားရတဲ့ ရွှေဘောလုံးဆုကို ၇ကြိမ်တိုင်တိုင် ရယူထားနိုင်ခဲ့တဲ့ ပီအက်စ်ဂျီနဲ့ အာဂျင်တီးနား ကြယ်ပွင့် တိုက်စစ်မှူး လီယွန်နယ် မက်ဆီကတော့ ယခုနှစ်ရဲ့ ရွှေဘောလုံးဆုကို ရရှိသင့်တဲ့ ကစားသမားဟာ ရီးရဲလ်မက်ဒရစ်ရဲ့ အဓိက တိုက်စစ်မှူး ဘန်ဇီမာပါပဲ လို့ ချီးကျူးစကား ပြောကြားသွားခဲ့ပါတယ်။

အသက် ၃၄နှစ် အရွယ် အာဂျင်တီးနား အသင်းခေါင်းဆောင် လီယွန်နယ် မက်ဆီဟာ သူ့ရဲ့ အသင်းဟောင်း ဘာစီလိုနာနဲ့အတူ ဆုဖလားပေါင်း များစွာ ဆွတ်ခူးနိုင်ခဲ့သလို ကမ္ဘာ့အကောင်းဆုံး ကစားသမားဆု ဖြစ်တဲ့ ရွှေဘောလုံးဆုကို ၇ကြိမ်အထိ ရယူနိုင်ခဲ့ကာ ကမ္ဘာ့သမိုင်းတလျှောက် အကောင်းဆုံး ကစားသမား ၃ဦးထဲက တဦး အဖြစ်ပါ သတ်မှတ်ခံထားရသူပါ။

Photo Credit: Mirror

 

တဖက်မှာတော့ ၃၄နှစ် အရွယ် ရီးရဲလ်မက်ဒရစ် အသင်းခေါင်းဆောင် တိုက်စစ်မှူး ဘန်ဇီမာက ယခုနှစ် ဘောလုံးရာသီမှာ သူ့ရဲ့ ကစားသမား ဘဝ အကောင်းဆုံး ခြေစွမ်းတွေကို ထုတ်ပြထားနိုင်ပြီး ရီးရဲလ်မက်ဒရစ်ကို လာလီဂါနဲ့ ချန်ပီယံလိဂ် ဆုဖလားတွေ ရရှိအောင် ကူညီနိုင်ခဲ့သလို လာလီဂါပြိုင်ပွဲနဲ့ ချန်ပီယံလိဂ်ပြိုင်ပွဲ နှစ်ခုစလုံးရဲ့ ဂိုးသွင်းအများဆုံး ကစားသမားဆုတွေကိုပါ သိမ်းပိုက်နိုင်ခဲ့ပါတယ်။

ဒါကြောင့်ပဲ ဘောလုံးရေးရာ ကျွမ်းကျင်သူ အများစုက ယခုနှစ်ရဲ့ ရွှေဘောလုံးဆုကို ရရှိသင့်တဲ့ ကစားသမားဟာ ဘန်ဇီမာပဲလို့ တညီတညွတ်ထဲ သုံးသပ်ထားကြပြီး ရွှေဘောလုံးဆုကို အကြိမ်ရေ အများဆုံး ရရှိထားတဲ့ စံချိန်များရှင် လီယွန်နယ် မက်ဆီကလည်း ဘန်ဇီမာက ဒီနှစ်ရဲ့ ရွှေဘောလုံးဆုရှင် ဖြစ်ကြောင်း နောက်ဆုံး ပြုလုပ်ခဲ့တဲ့ အင်တာဗျူးမှာ ချီးကျူးသွားခဲ့ပါတယ်။

Photo Credit: Mirror

မက်ဆီက – “ဒီနှစ်ရဲ့ ရွှေဘောလုံးဆုကို ဘယ်သူ ရသွားမလဲ ဆိုတာက ပြောနေစရာတောင် လိုမယ့် စကားတခွန်း မဟုတ်ပါဘူး။ ဘန်ဇီမာက ဒီနှစ် ဘောလုံးရာသီမှာ အရမ်းကို ပြောင်မြောက်လွန်းတဲ့ စွမ်းဆောင်ရည်ကောင်းတွေ ပြသနိုင်ခဲ့သလို ရီးရဲလ်မက်ဒရစ်ရဲ့ ချန်ပီယံလိဂ် အောင်မြင်မှုမှာ သူ့ရဲ့ အရေးပါမှုကလည်း ကြီးမားခဲ့တာကို ၁၆သင်းအဆင့် ပွဲစဉ်တွေ ကနေ စပြီး အတိုင်းသား မြင်နိုင်ပါတယ်” လို့ ထုတ်ဖော် ပြောကြားသွားခဲ့တာပါ။