လီယွန်နယ်မက်ဆီလို ဘောလုံးသမားမျိုးက သူရဲ့ဘောလုံးသမားဘဝကို နိဂုံးမချုပ်ခင်အချိန်ထိ အောင်မြင်မှုတွေ စံချိန်မှတ်တမ်းကောင်းတွေ အဆက်မပြတ် ရယူနေနိုင်ဦးမယ့် ရှားမှရှား ကစားသမားမျိုးဖြစ်ပြီး အခုလည်း စပိန်လာလီဂါပြိုင်ပွဲမှာ သူရဲ့ဘာစီလိုနာအသင်းဖော်တွေအဖြစ် တစ်ရာသီအတွင်း ဂိုးဖန်တီးမှုကို (၂၁)ကြိမ်အထိ စွမ်းဆောင်ပေးနိုင်ခဲ့လို့ သူရဲ့အသင်းဖော်ဟောင်းဇာဗီရဲ့ စံချိန်ဟောင်းကိုပါ ရိုက်ချိုးနိုင်လိုက်ကာ စံချိန်သစ်တစ်ခုကိုလည်း စိုက်ထူနိုင်ခဲ့ပြီလို့ သိရှိရပါတယ်။

မက်ဆီဟာ မနေ့ညက ကစားသွားခဲ့တဲ့ အလာဗက်စ်အသင်းနဲ့ ဘာစီလိုနာအသင်းတို့ရဲ့ လာလီဂါရာသီပိတ်ပွဲစဉ်မှာ လူငယ်ကစားသမားလေး အန်ဆူဖာတီရဲ့အဖွင့်ဂိုးအတွက် ဂိုးဖန်တီးမှုတစ်ကြိမ် လုပ်ဆောင်ပေးခဲ့ရာ သူရဲ့ဒီရာသီအတွင်း လာလီဂါ ဂိုးဖန်တီးမှု အကြိမ်ရေက (၂၁)ကြိမ်ထိကို ရှိသွားခဲ့ရပြီး ဇာဗီရဲ့စံချိန်ကို ရိုက်ချိုးနိုင်ခဲ့လိုက်ပါတယ်။ ဇာဗီဟာ ၂၀၀၈-၂၀၀၉ ဘောလုံးရာသီတုန်းက စပိန်လာလီဂါပြိုင်ပွဲအတွင်း ဂိုးဖန်တီးမှုကို အကြိမ်(၂၀)အထိ လုပ်ဆောင်ထားခဲ့တာဖြစ်ပြီး ဒီပမာဏကလည်း လာလီဂါသမိုင်းတလျှောက် အများဆုံးအကြိမ်အရေအတွက်အဖြစ် သတ်မှတ်ခံထားရကာ အခုတော့ သူရဲ့အသင်းဖော်ဟောင်း မက်ဆီက ရိုက်ချိုးနိုင်ခဲ့လိုက်ပြီဖြစ်ပါတယ်။

 

မက်ဆီဟာ ဒီစံချိန်ကိုသာ စံချိန်သစ်အဖြစ် တင်နိုင်ခဲ့ရုံသာမကပဲ လာလီဂါမှာ တစ်ရာသီအတွင်း သွင်းဂိုး(၂၀)နဲ့ ဂိုးဖန်တီးမှုကိုပါ အကြိမ်(၂၀)အဖြစ် တွဲဖက်စွမ်းဆောင်နိုင်သူအဖြစ်နဲ့ပါ ပထမဆုံးအကြိမ်အဖြစ် မှတ်တမ်းသစ်ရေးထိုးနိုင်ခဲ့ပါသေးတယ်။ မက်ဆီဟာ လာလီဂါသွင်းဂိုး (၂၅)ဂိုးအထိ သွင်းယူနိုင်ခဲ့လို့လည်း ဒီနှစ်ဘောလုံးရာသီရဲ့ ဂိုးသွင်းအများဆုံးဆု (ပီချီချီဆု)ကိုလည်း ဆက်လက်ပိုင်ဆိုင်ရဦးမှာဖြစ်ပြီး ဒီနှစ်ဆိုရင်တော့ မက်ဆီဟာ ဒီဆုကို (၇)ကြိမ်မြောက်အဖြစ် ပိုင်ဆိုင်နိုင်ရမှာဖြစ်ပါတယ်။ ဒါဟာလည်း မက်ဆီတစ်ဦးတည်းသာ ရေးထိုးထားနိုင်တဲ့ စံချိန်ကောင်းတစ်ခုဖြစ်ပြီး သူနဲ့ပြိုင်ဘက်ဖြစ်တဲ့ ခရစ္စတီယာနိုရော်နယ်ဒို ရီးရဲလ်မက်ဒရစ်အသင်းမှာ ပါဝင်ကစားခဲ့စဉ်တုန်းကတောင် ပီချီချီဆုကို (၃)ကြိမ်လေးပဲ ပိုင်ဆိုင်ခဲ့ရပါတယ်။ လက်ရှိမှာတော့ လာလီဂါရာသီသိမ်းသွားပြီဖြစ်ပေမယ့် ချန်ပီယံလိဂ်ပွဲတွေကို လာမယ့်သြဂုတ်လမှာ ဆက်လက်ကျင်းပဦးမှာဖြစ်လို့ ချန်ပီယံလိဂ်မှာ အောင်မြင်မှုပြန်လည်ရယူဖို့ မက်ဆီက ပစ်မှတ်ထားလို့နေပါတယ်။ ဘာစီလိုနာဟာ (၁၆)သင်းအဆင့် ရှံးထွက်ပွဲစဉ် ဒုတိယအကျော့အဖြစ် နာပိုလီအသင်းနဲ့ အိမ်ကွင်းနူးကမ့်မှာ လာမယ့်သြဂုတ်(၉)ရက်နေ့မှာ ဧည့်ခံကစားသွားရမှာဖြစ်ပါတယ်။