MySport Myanmar

၂၀၂၆ကမ္ဘာ့ဖလားပြိုင်ပွဲမှာ ဝင်ကစားဖို့ မသေချာကြောင်း ပြောလာတဲ့ မက်ဆီ

ပူပူနွေးနွေး ကမ္ဘာ့အကောင်းဆုံး ကစားသမားဆုရှင် အာဂျင်တီးနား အသင်းခေါင်းဆောင် လီယွန်နယ် မက်ဆီက သူဟာ လာမယ့် ၂၀၂၆ခုနှစ်မှာ ကျင်းပမယ့် ကမ္ဘာ့ဖလားပြိုင်ပွဲမှာ ဝင်ကစားဖို့ မသေချာသေးကြောင်း နောက်ဆုံး ပြုလုပ်ခဲ့တဲ့ အင်တာဗျူးမှာ ထုတ်ဖော် ပြောဆိုသွားခဲ့ပါတယ်။

အသက် ၃၆နှစ် အရွယ် အာဂျင်တီးနား အသင်းခေါင်းဆောင် လီယွန်နယ် မက်ဆီက ပြီးခဲ့တဲ့နှစ်မှာ ကျင်းပခဲ့တဲ့ ကမ္ဘာ့ဖလားပြိုင်ပွဲမှာ အကောင်းဆုံး စွမ်းဆောင်ရည်တွေကို ပြသကာ အာဂျင်တီးနားနိုင်ငံသားတွေ အားလုံး တောင့်တနေတဲ့ ကမ္ဘာ့ဖလား ဆုဖလားကို အမိအရ ယူပေးနိုင်ခဲ့ပါတယ်။

Photo Credit: Goal

မက်ဆီက ၂၀၂၂ ကမ္ဘာ့ဖလားပြိုင်ပွဲမှာ အာဂျင်တီးနား အတွက် အဓိကကျခဲ့တဲ့ ကစားသမား ဖြစ်သလို သူ့ရဲ့ သူမတူတဲ့ ခြေစွမ်းကောင်းတွေကြောင့်ပဲ ကမ္ဘာ့ဖလားပြိုင်ပွဲရဲ့ အကောင်းဆုံး ကစားသမားဆုကို သိမ်းပိုက် ရယူနိုင်ခဲ့ပါတယ်။

မက်ဆီက အာဂျင်တီးနား အတွက် ကမ္ဘာ့ဖလား ဆုဖလားကို အရယူပေးပြီးနောက် အာဂျင်တီးနား နိုင်ငံသား အများစုက သူ့ကို ကမ္ဘာ့ဖလား ချန်ပီယံဘွဲ့အား ကာကွယ်ရမယ့် လာမယ့် ၂၀၂၆ ကမ္ဘာ့ဖလားပြိုင်ပွဲမှာပါ ဝင်ကစားစေချင်နေပေမယ့် မက်ဆီကတော့ သူ့ရဲ့ အသက်အရွယ်ကြောင့် ၂၀၂၆ ကမ္ဘာ့ဖလားပြိုင်ပွဲမှာ ဝင်ကစားမယ် ၊ မကစားဘူး ဆိုတာကို အတိအကျ ဆုံးဖြတ်ဖို့ ခက်ခဲနေပါတယ်။

Photo Credit: Goal

၂၀၂၆ ကမ္ဘာ့ဖလားပြိုင်ပွဲမှာ ဝင်ကစားမယ် ၊ မကစားဘူး ဆိုတာကို မဆုံးဖြတ်ရသေးကြောင်း မက်ဆီက – “၂၀၂၆ ကမ္ဘာ့ဖလားပြိုင်ပွဲမှာ ဝင်ကစားဖို့လား။ အဲ့ဒီအချိန်မှာ ရှိနေမယ့် ကျွန်တော့်ရဲ့ အသက်အရွယ်ကြောင့် ဝင်ကစားမယ် ၊ မကစားဘူး ဆိုတာကို ပြောဖို့ ခက်နေပါတယ်။ ကျွန်တော်တို့တွေ အဲ့ဒီအချိန်ရောက်မှ ဆုံးဖြတ်ကြတာပေါ့” လို့ ထုတ်ဖော် ပြောဆိုသွားခဲ့တာပါ။

မက်ဆီက လာမယ့် ၂၀၂၆ ကမ္ဘာ့ဖလားပြိုင်ပွဲ စတင်ချိန်မှာ အသက် ၃၉နှစ် အရွယ် ရှိနေမှာ ဖြစ်တာကြောင့် အာဂျင်တီးနား အတွက် ပွဲချိန်ပြည့် ပါဝင် ကစားပေးဖို့ မလွယ်ပေမယ့် မက်ဆီရဲ့ ကြံ့ခိုင်မှုသာ အကောင်းဆုံး အနေအထားမှာ ရှိနေသေးရင် မက်ဆီဟာ အာဂျင်တီးနား အတွက် အားကိုးရမယ့် ကစားသမား တဦး ဖြစ်နေဦးမယ် ဆိုတာ အသေအချာပါပဲ။

Exit mobile version