ယမန်နေ့ညကပဲ စပိန်လာလီဂါ အင်အားကြီးကလပ် ဘာစီလိုနာအသင်း ကနေ ထွက်ခွာခဲ့တဲ့ အာဂျင်တီးနား အသင်းခေါင်းဆောင် လီယွန်နယ် မက်ဆီဟာ ယနေ့မှာတော့ ပြင်သစ် အင်အားကြီးကလပ် ပီအက်စ်ဂျီအသင်းထံ ပြောင်းရွှေ့ဖို့ ဆွေးနွေးမှုတွေ ပြုလုပ်နေကြောင်း သိရပါတယ်။

အသက် ၃၄နှစ် အရွယ် အာဂျင်တီးနားအသင်းနဲ့ ဘာစီလိုနာအသင်းတို့ရဲ့ အသင်းခေါင်းဆောင် လီယွန်နယ် မက်ဆီဟာ ဘာစီလိုနာအသင်းနဲ့ ကာလရှည် စာချုပ်သစ် ချုပ်ဆိုဖို့ နီးစပ်ခဲ့ပြီးမှ အမှတ်မထင် စာချုပ်သစ် ဆွေးနွေးမှု ပျက်ပြယ်ခဲ့တာကြောင့် အသင်းကနေ ထွက်ခွာခဲ့ရသူပါ။

Photo Credit: Marca

လက်ရှိမှာတော့ အလွတ် ပြောင်းရွှေ့ကြေးနဲ့ ခေါ်ယူနိုင်မယ့် မက်ဆီကို ခေါ်ယူဖို့ စိတ်ဝင်စားနေတဲ့ အသင်းတွေ အမြောက်အမြား ရှိပေမယ့် မက်ဆီကတော့ ချန်ပီယံလိဂ် ဆုဖလားကို စိန်ခေါ်နိုင်စွမ်း ရှိတဲ့ အသင်းထံသာ ပြောင်းရွှေ့ဖို့ ဆုံးဖြတ်ထားကြောင်း နောက်ဆုံး ပြုလုပ်ခဲ့တဲ့ အင်တာဗျူးမှာ ဖြေကြားခဲ့ပါတယ်။

ဒါကြောင့် မက်ဆီဟာ ဆရာဟောင်း ဂွာဒီယိုလာရှိရာ မန်ချက်စတာ စီးတီးအသင်းနဲ့ အသင်းဖော်ဟောင်း နေမာ ရှိတဲ့ ပီအက်စ်ဂျီအသင်းတို့ နှစ်သင်းအနက် တသင်းထံ ပြောင်းရွှေ့လိမ့်မယ်လို့ ထင်ကြေးပေးမှုတွေ ရှိနေပြီး ယနေ့မနက်ပိုင်းမှာ ထွက်ပေါ်လာတဲ့ သတင်းတွေအရ မက်ဆီဟာ ပီအက်စ်ဂျီအသင်းထံ ပြောင်းရွှေ့ဖို့ သေချာသလောက် ရှိနေကြောင်း သိရပါတယ်။

Photo Credit: Marca

နာမည်ကြီး သတင်းဌာန တခု ဖြစ်တဲ့ The Athletic သတင်းဌာန ကတော့ မက်ဆီဟာ သူနဲ့ တနိုင်ငံထဲသား ပီအက်စ်ဂျီအသင်းရဲ့ နည်းပြဖြစ်သူ ပိုချက်တီနိုနဲ့ အပြောင်းအရွှေ့ အတွက် ဆွေးနွေးမှုတွေ ပြုလုပ်နေပြီး ပီအက်စ်ဂျီအသင်းထံ ပြောင်းရွှေ့ ကစားဖို့သာ ဆန္ဒရှိနေကြောင်း ဖော်ပြခဲ့ပါတယ်။

နေမာနဲ့ နီးစပ်တဲ့သူတွေကလည်း မက်ဆီဟာ နိုင်ငံလက်ရွေးစင် အသင်းဖော်တွေ ဖြစ်တဲ့ အိုင်ကာဒီ ၊ ဒီမာရီယာတို့ ရှိနေသလို စပိန်စကား ပြောနိုင်သူတွေ များတဲ့ ပီအက်စ်ဂျီအသင်းထံ ပြောင်းရွှေ့ဖို့ ဆုံးဖြတ်ခဲ့ကြောင်းနဲ့ လက်ရှိမှာ မက်ဆီရဲ့ ဖခင်ဖြစ်သူ ဂျော့စ်မက်ဆီနဲ့ ပီအက်စ်ဂျီအသင်းရဲ့ တာဝန်ရှိသူတွေဟာ တရားဝင် ဆွေးနွေးမှုတွေ စတင်နေကြောင်း အတည်ပြုထားတာကြောင့် မက်ဆီဟာ လာမယ့်ရက်ပိုင်း အတွင်း ပီအက်စ်ဂျီအသင်းရဲ့ ကစားသမားသစ် ဖြစ်လာဖွယ် ရှိနေပါတယ်။