လက်ရှိ ဘောလုံးရာသီ မစမီမှာ ပရိသတ်တွေ အားလုံး ရှော့ခ်ရသွားစေတဲ့ သတင်းတစ်ပုဒ် ထွက်ပေါ် ခဲ့တာကို အားလုံးပဲ မှတ်မိကြမယ် ထင်ပါတယ်။ အဲ့ဒါကတော့ ကစားသမားဘဝ တစ်လျှောက်လုံး ဘာစီလိုနာ အသင်းမှာပဲ မြှပ်နှံခဲ့တဲ့ လီယွန်နယ် မက်ဆီဟာ အသင်းကနေ ထွက်ခွာခွင့် တောင်းခံခဲ့တဲ့ ကိစ္စပဲ ဖြစ်ပါတယ်။ လက်ရှိမှာ အသက် ၃၃နှစ် အရွယ် ရှိနေပြီ ဖြစ်တဲ့ မက်ဆီဟာ ဘာစီလိုနာ အသင်းရဲ့ ဘုတ်အဖွဲ့ဝင်တွေက သူ့ကို ကတိပေးထားတဲ့ အတိုင်း အသင်းကနေ အလွတ် ပြောင်းရွှေ့ကြေးနဲ့ ထွက်ခွာဖို့ ကြိုးစားခဲ့ပေမယ့် ဘာစီလိုနာ အသင်းရဲ့ ဘုတ်အဖွဲ့ဝင်တွေဟာ ပေးထားတဲ့ ကတိကို ချိုးဖျက်ခဲ့ပြီး မက်ဆီကို အသင်းမှာ ဆက်ရှိနေအောင် ကြိုးစားခဲ့ကြပါတယ်။ အဲ့ဒီနောက် မှာတော့ ဘာစီလိုနာ အသင်းရဲ့ ဥက္ကဌ ဘာတိုမြူ အပါအဝင် ဘာစီလိုနာ အသင်းရဲ့ ဘုတ်အဖွဲ့ဝင်တွေဟာ ရာထူးကနေ နုတ်ထွက် သွားကြပါတယ်။

Photo Credit: Mundo Deportivo

ဒါပေမယ့် မက်ဆီရဲ့ စိတ်ကတော့ ဘာစီလိုနာ အသင်းမှာ ဆက်ပြီး ရှိမနေတော့ပါဘူး။ လက်ရှိ ဘောလုံး ရာသီဟာ မက်ဆီရဲ့ ကစားသမား ဘဝ တစ်လျှောက် ခြေစွမ်း အဆိုးရွားဆုံး ရာသီ တစ်ခုအဖြစ် သတ်မှတ်လို့ ရကြောင်း စပိန် အခြေစိုက် သတင်းဌာနတွေက ဖော်ပြ သွားကြပါတယ်။ လက်ရှိ ဘောလုံးရာသီမှာ မက်ဆီ ဟာ ဘာစီလိုနာ အသင်းအတွက် ပြိုင်ပွဲစုံမှာ ၁၁ပွဲအထိ ပါဝင် ကစားပေးခဲ့ပြီး ၆ဂိုး အထိ သွင်းယူနိုင်ခဲ့ကာ ၄ဂိုးအထိ ဖန်တီး ပေးနိုင်ခဲ့ပါတယ်။ ဒါပေမယ့် မက်ဆီရဲ့ သွင်းဂိုးတေွထဲက ၅ဂိုးဟာ ပင်နယ်တီကနေ တဆင့် သွင်းယူနိုင်ခဲ့တဲ့ သွင်းဂိုးတွေ ဖြစ်ပြီး ဘက်တစ်အသင်းနဲ့ ပွဲမှာ သွင်းယူခဲ့တဲ့ သွင်းဂိုး တစ်ဂိုးထဲကသာ ကစားကွက်ကနေ ရရှိတဲ့ သွင်းဂိုး တစ်ဂိုး ဖြစ်ပါတယ်။ ဒါဟာ လီယွန်နယ် မက်ဆီဆိုတဲ့ ကစားသမားနဲ့ မလိုက်ဖက်တဲ့ မှတ်တမ်းတစ်ခုပါ။

Photo Credit: Mundo Deportivo

စပိန် အခြေစိုက် သတင်းဌာန တစ်ခုဖြစ်တဲ့ Mundo Deportivo သတင်းဌာနရဲ့ ဖော်ပြချက် အရတော့ ယနေ့ မနက်မှာ ကစားခဲ့တဲ့ အက်သလက်တီကို မက်ဒရစ် အသင်းနဲ့ ပွဲစဉ်မှာ မက်ဆီရဲ့ ခြေစွမ်းဟာ အဆိုးရွားဆုံး ဖြစ်ခဲ့ကြောင်း သိရပြီး မက်ဆီဟာ အသင်းရဲ့ ကစားကွက် ဖန်တီးသူ အဖြစ် ကစားခဲ့ရပေမယ့် တစ်ပွဲလုံးမှာ ရှေ့တန်းကို ဘောလုံးပေးပို့မှု ၈ကြိမ်သာ ပြုလုပ်နိုင်ခဲ့သလို ဘောလုံး ဆုံးရှုံးမှုဟာလည်း ၂၃ကြိမ် အထိ ရှိခဲ့ပါတယ်။ ဒါ့ကြောင့် စပိန် အခြေစိုက် သတင်းဌာနတွေက မက်ဆီဟာ ဘာစီလိုနာ အသင်း အတွက် အာရုံစိုက်ခြင်း မရှိတော့ဘူးလို့ ပြောဆို နေကြသလို မက်ဆီ ကိုယ်တိုင် ကလည်း ပြီးခဲ့တဲ့ ရက်ပိုင်းမှာ အသင်းရဲ့ ပြဿနာ အားလုံးအတွက် သူ့ကို ပြဿနာကောင် အဖြစ် ရှုမြင်နေကြတဲ့ အပေါ် ပင်ပန်းနေပြီ ဖြစ်ကြောင်း ဆိုခဲ့ပါသေးတယ်။ လက်ရှိမှာတော့ ဘာစီလိုနာ အသင်းရဲ့ ပရိသတ်တွေဟာ မက်ဆီရဲ့ ခြေစွမ်းတွေကို စိုးရိမ်နေကြပြီး မက်ဆီ တစ်ယောက် ဘာစီလိုနာ အသင်း အပေါ် အာရုံစိုက်မှု ရှိသေးလား ၊ မရှိတော့ဘူးလား ဆိုတာကိုတော့ မက်ဆီ တစ်ဦးထဲကပဲ သိမှာပါ။