အမေရိကန် မေဂျာလိဂ်ကလပ် အင်တာ မိုင်ယာမီအသင်းရဲ့ စူပါစတား ကစားသမားကြီး လီယွန်နယ် မက်ဆီက မေဂျာလိဂ် ဘောလုံးရာသီ ပြီးဆုံးချိန်မှာ အသင်းဟောင်း ဘာစီလိုနာဆီရော ဆော်ဒီကလပ်အသင်းတွေဆီပါ ကာလတို အငှားနဲ့ သွားရောက်မှာ မဟုတ်ဘူးလို့ သိရပါတယ်။

မိုင်ယာမီအသင်းက မေဂျာလိဂ်ရာသီ ကုန်ဆုံးခါနီးမှာ ပလေးအော့ ကစားဖို့လည်း မရှိတော့တာကြောင့် လာမယ့် (၂၂)ရက်နေ့မှာပဲ ရာသီကုန်ဆုံးတော့မှာ ဖြစ်သလို ရာသီသစ်ကလည်း လာမယ့်နှစ် ဖေဖော်ဝါရီမှ စတင်မှာဖြစ်လို့ ဒီကာလအတွင်းမှာ မက်ဆီကို ကာလတို အငှားနဲ့ ခေါ်ယူချင်လာခဲ့တာ ဖြစ်ပါတယ်။

Photo Credit : The Sun

မက်ဆီကို အငှားနဲ့ ခေါ်ယူချင်နေတဲ့ အသင်းတွေထဲမှာ သူ့အသင်းဟောင်း ဘာစီလိုနာက ထိပ်ဆုံးမှာ ပါဝင်နေပြီး အသင်းဥက္ကဌ လာပေါ်တေးကိုယ်တိုင် အသင်းဆီ မက်ဆီ ပြန်ရောက်လာဖို့ အသေအချာကို ကြိုးပမ်းလျက် ရှိနေသလို နွေတုန်းက မက်ဆီကို ကြိုးပမ်းခဲ့ဖူးတဲ့ ဆော်ဒီကလပ်တွေကလည်း အငှားနဲ့ ရအောင်ခေါ်ယူဖို့ လုပ်ဆောင်ချင်နေပါတယ်။

ဒါပေမယ့် မက်ဆီကိုယ်တိုင်ကတော့ အသင်းဟောင်း ဘာစီလိုနာဆီကိုရော ငွေကြေးပေါင်းများစွာနဲ့ ကမ်းလှမ်းလာမယ့် ဆော်ဒီကလပ်တွေဆီပါ အငှားထွက်ကစားဖို့ ဆန္ဒမရှိပဲ မိုင်ယာမီ နဲ့ အာဂျင်တီးနားအသင်းတို့အတွက်သာ ဆက်လက် အာရုံစိုက်သွားဖို့ ရှိနေပါတယ်။

Photo Credit : Sportskeeda

မက်ဆီက မိုင်ယာမီအသင်းနဲ့ မေဂျာလိဂ် ဘောလုံးရာသီအပြီး လာမယ့် နိုဝင်ဘာလကတည်းကမှာ အာဂျင်တီးနားအသင်းနဲ့အတူ ဘရာဇီးလ် ဥရုဂွေးအသင်းတို့နဲ့ ၂၀၂၆ ကမ္ဘာ့ဖလား ခြေစစ်ပွဲစဉ်တွေကို ဆင်နွဲသွားရဖို့ ရှိနေတဲ့အတွက် အဲ့ဒီပွဲစဉ်တွေအတွက်ကို အာရုံစိုက်ထားမှာ ဖြစ်ပါတယ်။

ဒါ့အပြင် အင်တာ မိုင်ယာမီအသင်းကလည်း နိုဝင်ဘာလထဲမှာ ဂျပန် နဲ့ တရုတ်နိုင်ငံတွေဆီ သွားရောက်ပြီး ရာသီကြို ပြင်ဆင်မှုအဖြစ် ခြေစမ်းပွဲတွေ ကစားသွားဖို့လည်း ရှိနေတာကြောင့် မက်ဆီပါ မိုင်ယာမီရဲ့ အာရှခရီးစဉ်ကို လိုက်ပါသွားဖို့လည်း ရှိနေပါတယ်။