ယနေ့မနက် အစောပိုင်းမှာတော့ စပိန် လာလီဂါ အင်အားကြီး အသင်းတစ်သင်း ဖြစ်တဲ့ ဘာစီလိုနာ အသင်းရဲ့ အဓိက ကစားသမားလည်းဖြစ် အသင်းခေါင်းဆောင်လည်း ဖြစ်တဲ့ လီယွန်နယ် မက်ဆီရဲ့ ပုံတူ ဖယောင်းရုပ်တုကို ဘာစီလိုနာမြို့မှာ ဖွင့်လှစ်ခဲ့ကြောင်း စပိန် အခြေစိုက် သတင်းဌာနတွေရဲ့ ဖော်ပြချက် အရ သိရှိ ရပါတယ်။ အသက် ၃၃နှစ် အရွယ် အာဂျင်တီးနား အသင်းနဲ့ ဘာစီလိုနာ အသင်းရဲ့ အဓိက ကစားသမား ဖြစ်တဲ့ လီယွန်နယ် မက်ဆီဟာ လူငယ် ကစားသမား ဘဝမှ စတင်ကာ ဘာစီလိုနာအသင်း တစ်သင်းထဲမှာသာ ကစားခဲ့သူ ဖြစ်ပြီး သူ့ရဲ့ ဘာစီလိုနာ ကစားသမား ဘဝ စွမ်းဆောင်ရည်တွေကြောင့် ဘာစီလိုနာ အသင်းရဲ့ သမိုင်းတစ်လျှောက် အကောင်းဆုံး ကစားသမား အဖြစ် သတ်မှတ် ခံထားရသူ ဖြစ်ပါတယ်။

Photo Credit: Express

ဒါ့ကြောင့်ပဲ ဘာစီလိုနာမြို့မှာ ရှိတဲ့ ဖယောင်းရုပ်တုခန်းမမှာ မက်ဆီရဲ့ ပုံတူ ရုပ်တုကို ထုလုပ်ကာ မက်ဆီကို ဂုဏ်ပြုဖို့ အတွက် ခန်းမရဲ့ တာဝန်ရှိသူတွေက စီစဉ်ခဲ့ကြတာပါ။ ဒါပေမယ့် မက်ဆီရဲ့ ပုံတူ ဖယောင်းရုပ်တုကို ဦးဆောင် ထုလုပ်ခဲ့တဲ့ ဖယောင်းရုပ်တု ပညာရှင်ရဲ့ အမှားအယွင်း တချို့ကြောင့် အသစ် ဖွင့်လှစ်ခဲ့တဲ့ မက်ဆီရဲ့ ဖယောင်းရုပ်တုဟာ မက်ဆီနဲ့ ဆင်တူခြင်း မရှိပဲ အခြား နာမည်ကြီး ဘောလုံး ကစားသမားတွေနဲ့ ဆင်တူနေတာကို မြင်တွေ့ခဲ့ရပါတယ်။ ရုပ်တုဟာ မက်ဆီရဲ့ နာမည်ကျော် အောင်ပွဲခံဟန် ဖြစ်တဲ့ မိုးပေါ်သို့ လက်နှစ်ချောင်း ထောင်ကာ အောင်ပွဲခံတဲ့ ပုံစံ ထုလုပ်ထားတာ ဖြစ်ပေမယ့် ဘာစီလိုနာ အသင်းရဲ့ ဝတ်စုံနဲ့ ခန္ဓာကိုယ် အနေအထားကလွဲရင် မျက်နှာဟာ မက်ဆီနဲ့ ဆင်တူခြင်း မရှိခဲ့ပါဘူး။

Photo Credit: Express

 

လတ်တလောမှာတော့ အဆိုပါ ဖယောင်းရုပ်တုနဲ့ ပတ်သတ်ပြီး ဝေဖန်မှုတွေ မြင့်တက်နေကာ မက်ဆီနဲ့ ဘာစီလိုနာ အသင်းရဲ့ အမာခံ ပရိသတ်တွေ ကတော့ မက်ဆီရဲ့ ဖယောင်းရုပ်တုဟာ မက်ဆီထက် ဂျူဗင်တပ် အသင်းရဲ့ ကွင်းလယ်လူ ရမ်ဆေးနဲ့ ပိုတူနေတယ် လို့ ဆိုနေကြပါတယ်။ ဒါ့အပြင် အချို့သော ပရိသတ်တွေ ကလည်း မက်ဆီရဲ့ ပုံတူရုပ်တုဟာ အက်သလက်တီကို မက်ဒရစ် အသင်းရဲ့ ဂိုးသမား အော့ဘလက်နဲ့ ဆင်တူ နေတယ် ဆိုပြီး ပြောဆိုမှုတွေ ရှိကြသလို မက်ဆီနဲ့ ဘာစီလိုနာ အသင်းရဲ့ ကွင်းလယ်လူ ပီယာနစ်တို့ ပေါင်းစပ် ထားတဲ့ ရုပ်တုဆိုပြီး ဝေဖန်နေကြတဲ့ လူတွေလည်း ရှိပါတယ်။ ကျွန်တော် ကတော့ မက်ဆီရဲ့ ပုံတူ ရုပ်တုဟာ မက်ဆီထက် ဂျူဗင်တပ် အသင်းရဲ့ ကွင်းလယ်လူ ရမ်ဆေးနဲ့ ပိုမို ဆင်တူနေတယ် လို့ ခံစား ရပါတယ်။ ပရိသတ်ကြီးရဲ့ အမြင်ကရောဗျ…။