စပိန်လာလီဂါ အင်အားကြီးအသင်း တသင်း ဖြစ်တဲ့ ဘာစီလိုနာအသင်းရဲ့ သမိုင်းတလျှောက် အကောင်းဆုံး ကစားသမား အဖြစ် သတ်မှတ်ခံထားရကာ လက်ရှိမှာ ပီအက်စ်ဂျီအသင်း အတွက် ကစားပေးနေတဲ့ အာဂျင်တီးနား အသင်းခေါင်းဆောင် လီယွန်နယ် မက်ဆီ ကတော့ ယခုနှစ်မှာ ချန်ပီယံလိဂ် ဆုဖလား ရယူနိုင်စွမ်း ရှိတဲ့ အသင်းတွေကို ပြောပြတဲ့ အချိန်မှာ အသင်းဟောင်း ဘာစီလိုနာအသင်းကို ချန်လှပ်သွားခဲ့ပါတယ်။

အသက် ၃၄နှစ် အရွယ် အာဂျင်တီးနား အသင်းခေါင်းဆောင် လီယွန်နယ် မက်ဆီဟာ သူ့ရဲ့ ကစားသမား ဘဝ တခုလုံးကို ဘာစီလိုနာအသင်းမှာသာ ဖြတ်သန်းခဲ့သူ ဖြစ်ပြီး ဘာစီလိုနာအသင်းနဲ့ ဆုဖလားပေါင်း ၃၅လုံးကို ရယူနိုင်ခဲ့ပါတယ်။

Photo Credit: CNN

ဒါကြောင့်လည်း မက်ဆီ တယောက် သူ့ရဲ့ ကစားသမားဘဝကို ဘာစီလိုနာအသင်းမှာပဲ ကုန်ဆုံးလိမ့်မယ်လို့ အားလုံးက ထင်မှတ်ထားကြပေမယ့် မက်ဆီဟာ ပြီးခဲ့တဲ့ နွေရာသီ အပြောင်းအရွှေ့မှာ ဘာစီလိုနာအသင်း ကနေ ပီအက်စ်ဂျီအသင်းထံ အလွတ် ပြောင်းရွှေ့ကြေးနဲ့ ပြောင်းရွှေ့ခဲ့ပြီး ဘောလုံး ပရိသတ်တွေ အားလုံးကို အံ့အားသင့်စေခဲ့ပါတယ်။

လက်ရှိမှာ မက်ဆီဟာ ပီအက်စ်ဂျီအသင်းမှာ အသင်းဖော်သစ်တွေနဲ့ ပျော်ရွှင်နေပေမယ့် တဖက်မှာတော့ မက်ဆီကို လက်လွှတ်ထားရတဲ့ ဘာစီလိုနာအသင်းဟာ ရလဒ်ကောင်းတွေ ရရှိဖို့ ရုန်းကန်နေရပြီး ချန်ပီယံလိဂ် ပြိုင်ပွဲမှာ ဆိုရင် ၂ပွဲကစား ၂ပွဲလုံးကို အရေးနိမ့်ထားပြီး အုပ်စုအောက်ဆုံးကို ရောက်ရှိနေပါတယ်။

Photo Credit: CNN

ဒါကြောင့်ပဲ ဘာစီလိုနာအသင်း အနေနဲ့ ယခုနှစ် ဘောလုံးရာသီမှာ ချန်ပီယံလိဂ်ပြိုင်ပွဲ ကနေ စောစောစီးစီး ထွက်ခွာရလိမ့်မယ် ဆိုတဲ့ သုံးသပ်မှုတွေ ရှိနေပြီး ဘာစီလိုနာအသင်းရဲ့ ဂန္တဝင် ကစားသမား တဦး ဖြစ်သူ မက်ဆီကလည်း ယခုနှစ် ဘောလုံးရာသီမှာ ချန်ပီယံလိဂ်ဖလားအား ရယူနိုင်စွမ်း ရှိတဲ့ အသင်းတွေကို ပြောပြချိန်မှာ ဘာစီလိုနာအသင်းကို ချန်လှပ်ခဲ့တာ ဖြစ်ပါတယ်။

မက်ဆီက – “ လူတိုင်းက ကျွန်တော်တို့ ပီအက်စ်ဂျီအသင်းဟာ ချန်ပီယံလိဂ်ဖလားကို ရယူနိုင်လိမ့်မယ်လို့ ထင်နေကြပါတယ်။ ဒါပေမယ့် ချန်ပီယံလိဂ်ဖလားကို ရယူနိုင်စွမ်း ရှိတဲ့ အသင်းတွေလည်း အများအပြား ရှိနေပါသေးတယ်။ ချယ်လ်ဆီး ၊ မန်ချက်စတာ စီးတီး ၊ မန်ချက်စတာ ယူနိုက်တက် ၊ ရီးရဲလ်မက်ဒရစ်တို့က ချန်ပီယံလိဂ် ဆုဖလားကို ရယူနိုင်စွမ်း ရှိပါတယ်။ ဘိုင်ယန်မြူးနစ်နဲ့ အင်တာမီလန်လည်း အတူတူပါပဲ” လို့ ထုတ်ဖော် ပြောကြားခဲ့တာပါ။