MySport Myanmar

ဟူစတန်နဲ့ US Open ဖိုင်နယ်ပွဲကိုပါ လွဲချော်သွားရနိုင်တဲ့ မက်ဆီ

အင်တာ မိုင်ယာမီအသင်းရဲ့ အဓိက ကစားသမားကြီးဖြစ်တဲ့ လီယွန်နယ် မက်ဆီဟာ ဒီရက်ပိုင်းထဲ ဟူစတန် ဒိုုင်နမိုအသင်းနဲ့ ရင်ဆိုင်သွားရမယ့် US Open Cup ဖိုင်နယ်ပွဲစဉ်ကို ဒဏ်ရာပြသာနာကြောင့် လွဲချော်သွားရဖွယ် ရှိနိုင်တယ်လို့ သိရပါတယ်။

မိုင်ယာမီအသင်းအတွက် မရှိမဖြစ် ကစားသမား GOAT ကြီး မက်ဆီဟာ သူရဲ့ ဒဏ်ရာဟောင်းက ထိုးနှက်မှုကြောင့် ပြီးခဲ့တဲ့ တနင်္ဂနွေက အော်လန်ဒို စီးတီးအသင်းနဲ့ မေဂျာလိဂ်ပွဲစဉ်ကိုပါ လွဲချော်ထားခဲ့ပြီး မိုင်ယာမီကလည်း အော်လန်ဒိုနဲ့ တစ်ဂိုးစီ သရေကျခဲ့ရပါတယ်။

Photo Credit : Goal

ဒီပွဲစဉ်မှာ မက်ဆီ အပါဝင် ပြီးခဲ့တဲ့ ဈေးကွက်ကမှ မက်ဆီနဲ့အတူ အသင်းကို ရောက်ရှိလာခဲ့တဲ့ အယ်လ်ဘာ နဲ့ ဘူးစကွစ်တို့ပါ မပါဝင်နိုင်ခဲ့ပဲ လွဲချော်ခဲ့ရပါတယ်။ ယော်ဒီ အယ်လ်ဘာက ကြွက်သား ဒဏ်ရာ ခံစားနေရပြီး ကွင်းလယ်လူ ဆာဂျီယို ဘူးစကွက်စ်ကတော့ ဦးခေါင်း ဒဏ်ရာကြောင့် အော်လန်ဒိုနဲ့ပွဲကို လွဲချော်ခဲ့ရပါတယ်။

အခုလည်း မက်ဆီ နဲ့ အယ်လ်ဘာတို့ နှစ်ဦးဟာ မနက်ဖြန် မနက်အစောပိုင်းမှာ ဟူစတန်အသင်းနဲ့ ယှဉ်ပြိုင်သွားရမယ့် US Open Cup ဗိုလ်လုပွဲစဉ်ကို လွဲချော်သွားရဖို့ ရှိနေပြီး မိုင်ယာမီနည်းပြ မာတီနိုကလည်း မက်ဆီ ပါဝင်နိုင်ဖို့ ရှိ မရှိဆိုတာကို မဆုံးဖြတ်နိုင်သေးကြောင်း ပြောဆိုထားခဲ့ပါတယ်။

Photo Credit : Claro Sports

တချိန်က ဘာစီလိုနာအသင်းမှာ တွဲဖက်မိမိ ကစားခဲ့ဖူးကြတဲ့ မက်ဆီ ဘူးစကွက်စ် အယ်လ်ဘာတို့ အသင်းဖော်ဟောင်း (၃)ဦးဟာ မေဂျာလိဂ်ကလပ် မိုင်ယာမီအသင်းဆီ ရောက်လာချိန်ကနေ စတင်ပြီး မိုင်ယာမီကို ရလဒ်ကောင်းတွေ ပိုင်ဆိုင်န်ိုင်အောင် ပြန်လည် ဆွဲတင်ပေးနိုင်ခဲ့ပါတယ်။

အဓိကတော့ အာဂျင်တီးနားနဲ့ ကမ္ဘာ့ချန်ပီယံ ဖြစ်ထားတဲ့ မက်ဆီက မိုင်ယာမီအတွက် သွင်းဂိုးတွေ ဂိုးဖန်တီးမှုတွေနဲ့ အသင်းကို အကောင်းဆုံး ရလဒ်တွေ ရရှိအောင် စွမ်းဆောင်ထားပြီး လိဂ်ဖလား ချန်ပီယံ ဖြစ်လာအောင် လုပ်ဆောင်ပေးထားခဲ့သလို US Open Cup မှာလည်း ဖိုင်နယ်အဆင့်ထိ ပို့ဆောင်ပေးထားနိုင်ခဲ့ပါတယ်။

Exit mobile version