ဘာစီလိုနာအသင်းမှာ (၆)လတာလောက် ကာလတိုအငှားစာချုပ်နဲ့ လာရောက်ဆော့ကစားခဲ့တဲ့ ဂါနာတိုက်စစ်ကစားသမား ကယ်ဗင်ပရင့်စ်ဘိုတန်ရဲ့ အပြောင်းအရွှေ့ကို ဘောလုံးအပြောင်းအရွှေ့သမိုင်းတလျှောက် အူကြောင်ကြောင်နိုင်လှတဲ့ အပြောင်းအရွှေ့တစ်ခုအဖြစ် သတ်မှတ်ထားကြပြီး ဘိုတန်မှာလည်း အသင်းအတွက် ပြိုင်ပွဲစုံ(၃)ပွဲလောက် ပါဝင်ကစားခဲ့ရကာ သွင်းဂိုးတစ်ဂိုးတစ်လေမှတော့ သွင်းယူနိုင်ခဲ့ခြင်းမရှိခဲ့ပဲ အသင်းအတွက် အကျိုးမရှိလှတဲ့ ခေါ်ယူမှုတစ်ခု ဖြစ်ခဲ့ရပါတယ်။

Photo Credit : Daily Mail

အဲ့ဒီအချိန်တုန်းက ဘာစီလိုနာအသင်းဟာ အသင်းရဲ့တိုက်စစ်ပိုင်းမှာ လူးဝစ်ဆွာရက်ဇ်ရဲ့ အရန်တိုက်စစ်ကစားသမားအဖြစ် ပါဝင်ကစားဖို့ ကစားသမားတစ်ယောက် လိုအပ်နေတဲ့အတွက် တိုက်စစ်မှူးတစ်ယောက်ကို အသည်းအသန်ရှာဖွေခဲ့ရင်း နောက်ဆုံးမှာတော့ ဆာဆူအိုလိုအသင်းမှာ ပါဝင်ကစားနေတဲ့ ဘိုတန်ကို အငှားခေါ်ယူဖို့ ဆုံးဖြတ်ခဲ့ပါတယ်။ ဘိုတန်ဟာ ဘာစီလိုနာမှာ ပါဝင်ကစားဖူးတဲ့ ပထမဆုံးသော ဂါနာကစားသမားတစ်ယောက် ဖြစ်ခဲ့ရပေမယ့်လည်း အသင်းအတွက် ဘာဆိုဘာမှ အကျိုးမပြုနိုင်ခဲ့ပဲ ဒီတိုင်းသက်သက် ခေါ်ယူခဲ့သလိုသာ ဖြစ်စေခဲ့ရပါတယ်။

Photo Credit : Goal

သူရဲ့ဘာစီလိုနာကစားသမားဘဝ အမှတ်တရတွေနဲ့ပတ်သက်ပြီး ဘိုတန်က “ဘာစီလိုနာအသင်းမှာ ကျွန်တော်ပါဝင်ခဲ့ရတဲ့ (၆)လတာကာလကတော့ တကယ့်ကို အံ့မခန်းပါပဲ။ ပထမကတောာ့ သူတို့ဘက်ကနေ ကမ်းလှမ်းမှုရလာကို လုံးဝမယုံကြည်နိုင်ခဲ့ပါဘူး။ ကျွန်တော်ထင်မိတာကတော့ တကယ့်ဘာစီလိုနာအသင်းမဟုတ်ပဲ ဘာစီလိုနာရဲ့ကတ်တလန်မြို့ခံ အက်စပန်ညိုအသင်းလို့ပဲ ထင်ခဲ့မိတာပါ။ မက်ဆီနဲ့အတူ လေ့ကျင့်ခန်းအတူဆင်းရတာကတော့ ကျွန်တော့်ကို ဆွံအမိစေခဲ့ပါတယ်။ ကျွန်တော်က ခရစ္စတီယာနိုရော်နယ်ဒိုသာ ကမ္ဘာပေါ်မှာ အကောင်းဆုံးကစားသမားတစ်ယောက်ဖြစ်တယ်လို့ အမြဲပြောခဲ့သူပါ။ ဒါပေမယ့် မက်ဆီကတော့ တစ်ခုခုပါပဲ။ သူက သာမာန်ကို မဟုတ်ဘူး။ ကျွန်တော် သူ့နဲ့အတူ လေ့ကျင့်ခန်းဆင်းတဲ့အချိန်မှာတော့ ကျွန်တော်ကိုယ့်ကျွန်တော် လုံလောက်မှုမရှိဘူးဆိုတဲ့ ခံစားချက်ကို ကစားသမားဘဝမှာ ပထမဆုံးအကြိမ်အဖြစ် ခံစားလိုက်ရပါတယ်။ သူက လေ့ကျင့်ရေးအစီအစဉ်မှာတောင် မလွယ်ကူလှတဲ့ အရာတွေကို လုပ်ဆောင်ပြနိုင်တယ်။ အဲ့ဒါတွေကို မြင်လိုက်ရချိန်မှာတော့ ငါတော့တော်ပီ။ ငါဘောလုံးသမားဘဝကနေ ထွက်ခွာလိုက်သင့်ပြီဆိုပြီးတော့ တွေးမိသွားခဲ့တယ်” လို့ ရှင်းလင်းပြောဆိုသွားခဲ့ပါတယ်။ ဘိုတန်ဟာ လက်ရှိမှာတော့ စီးရီးဘီကလပ် မွန်ဇာအသင်းမှာ ပါဝင်ကစားနေလျက် ရှိပါတယ်။