ပြီးခဲ့တဲ့ရက်ပိုင်းအတွင်းက စပိန်နိုင်ငံ မက်ဒရစ်မြို့ရှိ မက်ထရိုပိုလီတာနိုကွင်းကြီးအတွင်းမှာ ယှဉ်ပြိုင်ကစားခဲ့ကြတဲ့ အသက်လက်တီကိုမက်ဒရစ်အသင်းနဲ့ လီဗာပူးလ်အသင်းတို့ရဲ့ ချန်ပီယံလိဂ် (၁၆)သင်းအဆင့် ရှံးထွက်ပွဲစဉ် ပထမအကျော့ပွဲအတွင်း အိမ်ရှင်အသက်လက်တီကိုအသင်းက မိနစ်အစောပိုင်းမှာ သွင်းယူခဲ့တဲ့ ကွင်းလယ်လူဆာအူးရဲ့တစ်လုံးတည်းသောသွင်းဂိုးနဲ့ ချန်ပီယံလိဂ်လက်ရှိချန်ပီယံ လီဗာပူးလ်အသင်းကို အနိုင်ရရှိခဲ့တဲ့ ရလဒ်နဲ့ပတ်သက်ပြီး အံ့အားသင့်စရာမရှိဘူးလို့ ဘာစီလိုနာတိုက်စစ်မှူး လီယွန်နယ်မက်ဆီက ပြောဆိုသွားခဲ့ပါတယ်။

Photo Credit : Getty Images

ဘာစီလိုနာတိုက်စစ်ကစားသမား မက်ဆီက သူတို့ရဲ့လာလီဂါပြိုင်ဘက်အသင်းရဲ့ကစားအားကို ကောင်းကောင်းသိထားတာဖြစ်လို့ အခုလို လီဗာပူးလ်ကို ပေးဂိုးမဲ့နိုင်ပွဲရယူခဲ့တာက သူ့အတွက် အထူးအဆန်းကိစ္စတစ်ခု မဟုတ်ဘူးလို့ Mundo Deportivo နဲ့ အင်တာဗျူးမှာ ဖြေဆိုသွားခဲ့ပါတယ်။ မက်ဆီက “အမှန်အတိုင်းပြောရရင်တော့ ဒီရလဒ်အပေါ် ကျွန်တော်မအံ့သြမိပါဘူး။ ဒီရှံးထွက်ပွဲတွေကို မဲခွဲဆုံးဖြတ်ခဲ့တဲ့နေ့ကတည်း သူတို့အသင်းနှစ်သင်း တွေ့ဆုံမှုကိုကြည့်ပြီး ဒီပွဲက ခက်ခဲလိမ်မ့်မယ်လို့တောင် ပြောခဲ့ကြသေးတယ်”

Photo Credit : Getty Images

“အသက်လက်တီကိုက အရမ်းကို တောင့်တင်းလွန်းတဲ့အသင်းပါ။ ဒါကိုလည်း သူတို့တွေ ဒီပွဲမှာ ထုတ်ပြခဲဲ့ပါသေးတယ်။ နောက်တစ်ကျော့မှာလည်း ဒီလိုခြေစွမ်းတွေကို ထပ်မံပြသနိုင်ဦးမှာပါ။ ဆီမြွန်နီကလည်း အကောင်းဆုံးရလဒ်တစ်ခုကို ယူဆောင်ပေးနိုင်ခဲ့တယ်။ သူက ဒီရာသီမှာဆိုရင် အသင်းကို ပြန်လည်တည်ဆောက်ထားရတာဆိုပေမယ့်လည်း ပြန်လည်ခေါ်ယူထားတဲ့ ကစားသမားတွေ အသင်းက လက်ကျန်ကစားသမားတွေနဲ့ အသင်းကို အရင်နှစ်တွေကပုံစံမျိုးအတိုင်းဖြစ်နေအောင် တည်ဆောက်ထားနိုင်ခဲ့ပါတယ်” လို့ ပြောဆိုသွားခဲ့ပါတယ်။ မက်ဆီရဲ့ဘာစီလိုနာအသင်းကတော့ ဒီတစ်ပတ်မှာ ချန်ပီယံလိဂ်ပြိုင်ပွဲကို ပါဝင်ကစားရခြင်းမရှိသေးပဲ လာမယ့်တစ်ပတ် ကြားရက်မှသာ နာပိုလီနဲ့ အီတလီနိုင်ငံ နေပယ်မြို့မှာ ကစားရမှာဖြစ်ပါတယ်။ နာပိုလီနဲ့ ဘာစီလိုနာအသင်းတို့ဟာ ဥရောပပြိုင်ပွဲတွေမှာ အခုလို ထိပ်တိုက်ရင်ဆိုင်မတွေ့ဖြစ်တာ နှစ်အတန်ကြာနေပြီဖြစ်ပြီး ကလပ်အသင်းခြေစမ်းပွဲတွေမှာပဲ ဆုံတွေ့ခဲ့ကြတာဖြစ်ပါတယ်။