လာမယ့် ဇန်နဝါရီ (၁၇)ရက်နေ့ တနင်းလာနေ့ည (၁၂)နာရီခွဲ(မြန်မာစံတော်ချိန်) ဆွစ်ဇာလန်နိုင်ငံ ဇူးရစ်မြို့မှာ ၂၀၂၁ခုနှစ်အတွက် ဖီဖာရဲ့ တစ်နှစ်တာအကောင်းဆုံးဆု (The Best FIFA Football Awards) ဆုပေးပွဲကြီးကို ကျင်းပသွားမှာဖြစ်ပြီး ချီးမြှင့်သွားမယ့် ဆုတွေအားလုံးထဲကမှ ပရိသတ်တွေ စိတ်ဝင်အစားဆုံးဆု တစ်ခုဖြစ်တဲ့ တစ်နှစ်တာ အကောင်းဆုံး ကစားသမားဆုအတွက် နောက်ဆုံးဆန်ခါတင် (၃)ဦးထဲ ပါဝင်ထားကြသူတွေထဲမှာ ဘယ်ကစားသမားက ဒီဆုကို ပိုင်ဆိုင်သွားနိုင်မလဲဆိုတာ စိတ်ဝင်စားဖို့ ကောင်းနေရပါတယ်။

Photo Credit : Then24

ဖီဖာရဲ့ တစ်နှစ်တာ အကောင်းဆုံး ကစားသမားဆုအတွက် နောက်ဆုံးဆန်ခါတင်အဖြစ် သတ်မှတ်ခံထားရသူတွေကတော့ The Best ဆုရှင်ဟောင်း လီယွန်နယ်မက်ဆီ ပြီးခဲ့တဲ့နှစ် The Best ဆုရှင် ရောဘတ်လီဝန်ဒေါစကီးနဲ့ နောက်ဆုံး ဆန်ခါတင်စာရင်းထဲ ပထမဆုံးအကြိမ်အဖြစ် ပါဝင်လာခဲ့တဲ့ မိုဟာမက်ဆာလာတို့ပဲ ဖြစ်ပါတယ်။ ဖီဖာကနေ ကြီးမှူးကျင်းပတဲ့ ဆုပေးပွဲတွေမှာ နိုင်ငံတကာအသင်းတွေနဲ့ အောင်မြင်မှု ရယူထားနိုင်တဲ့ ကစားသမားတွေကို ဦးစားပေး ချီးမြှင့်လေ့ရှိတာကြောင့် ဒီကစားသမား(၃)ဦးလုံးမှာ အာဂျင်တီးနားအသင်းနဲ့ ကိုပါအမေရိက ချန်ပီယံဖြစ်ထားခဲ့တဲ့ မက်ဆီက The Best ဆုကို (၂)ကြိမ်ထိ ပိုင်ဆိုင်နိုင်ဖို့ အခြေအနေ အကောင်းဆုံး ဖြစ်လို့နေရပါတယ်။

Photo Credit : Goal

မက်ဆီဟာ လွန်ခဲ့တဲ့ ၂၀၁၉ခုနှစ်ကလည်း The Best ဆုကို ပိုင်ဆိုင်နိုင်ခဲ့ရပြီး ဒီတစ်ကြိမ်သာ ပိုင်ဆိုင်လိုက်ရမယ်ဆိုရင်တော့ သူရဲ့မဟာပြိုင်ဘက် ရော်နယ်လ်ဒိုနဲ့ပါ ဆုအရေအတွက်ချင်း တူညီသွားမှာပဲ ဖြစ်ပါတယ်။ ဒီဆုကို မက်ဆီနဲ့ ယှဉ်ပြိုင်ရမယ့် ပြိုင်ဘက်တွေထဲကမှ ဆာလာကတော့ နိုင်ငံအသင်းနဲ့ အောင်မြင်မှု မရှိခဲ့တဲ့အပြင် အသင်းအတွက် သွင်းဂိုးများစွာ သွင်းယူနိုင်ခဲ့ပေမယ့်လည်း ပြီးခဲ့တဲ့ ဘောလုံးရာသီမှာ ဆုဖလားလက်မဲ့ ဖြစ်ထားခဲ့ရလို့ The Best ဆုအတွက် စိန်ခေါ်နိုင်ဖို့က ခက်ခဲနေရပါတယ်။ ဒါပေမယ့် ဘိုင်ယန်တိုက်စစ်မှူး လီဝန်ဒေါစကီးကတော့ ပိုလန်အသင်းနဲ့ အောင်မြင်မှုတွေ မရှိထားပေမယ့် ၂၀၂၁ခုနှစ်အတွင်း ပိုလန်အတွက် သွင်းဂိုး(၁၁)ဂိုး သွင်းယူထားသလို ဘိုင်ယန်အသင်းအတွက်ကိုလည်း သွင်းဂိုးများစွာ သွင်းယူထားပြီး ဘွန်ဒစ်လီဂါဆုဖလားကိုပါ သိမ်းပိုက်လို့ထားပါတယ်။ ဒါကြောင့် 2021 FIFA The Best ဆုအတွက် မက်ဆီနဲ့ လီဝန်ဒေါစကီးတို့ကပဲ ယှဉ်ပြိုင်ရဖွယ် ရှိနေတယ်လို့ သုံးသပ်ထားကြသလို လတ်တလော အခြေအနေတွေအရ လက်ရွေးစင်အသင်းနဲ့ ဆုဖလားလည်း ရယူထားသလို ကမ္ဘာ့ဖလားခြေစစ်ပွဲလည်း အောင်မြင်အောင် စွမ်းဆောင်ထားပြီး ဘလွန်းဒေါဆုကိုပါ ပူပူနွေးနွေး ရယူထားနိုင်ခဲ့တဲ့ မက်ဆီကပဲ ဒီဆုကိုပါ ဆက်လက်သိမ်းပိုက်သွားဖို့ အခြေအနေကောင်းလို့နေပါတယ်။