လက်ရှိအချိန်မှာ ကမ္ဘာ့အကောင်းဆုံး ကစားသမား အဖြစ် ဘောလုံး သုတေသီတွေနဲ့ ပရိသတ်တွေရဲ့ သတ်မှတ်ခြင်းကို ခံထားရတဲ့ ဘာစီလိုနာအသင်းရဲ့ အဓိက တိုက်စစ်မှူး လီယွန်နယ် မက်ဆီ ကတော့ အခု နောက်ပိုင်းမှာ သူဟာ သွင်းဂိုးတွေ သွင်းယူနိုင်ဖို့ ထက် အသင်းအတွက် အကောင်းဆုံး လုပ်ဆောင်ပေးဖို့သာ စိတ်ထဲရှိတော့တယ် လို့ ထုတ်ဖော် ပြောကြား သွားခဲ့ပါတယ်။ အသက် ၃၃နှစ် အရွယ် အာဂျင်တီးနားအသင်းနဲ့ ဘာစီလိုနာအသင်းတို့ရဲ့ အသင်းခေါင်းဆောင် မက်ဆီဟာ ဘာစီလိုနာအသင်းရဲ့ ထာဝရ ဂိုးသွင်း အများဆုံး ကစားသမား ဖြစ်ပြီး အသင်းမှာ ၂၀၀၄ခုနှစ်ထဲက စတင် ကစားခဲ့ကာ သွင်းဂိုး ၆၃၅ဂိုးအထိ သွင်းယူ ပေးထားပါတယ်။

Photo Credit: Goal

အဆိုပါ သွင်းဂိုးတွေ အနက် ၄၄၅ဂိုးဟာ လာလီဂါပြိုင်ပွဲမှာ သွင်းယူနိုင်ခဲ့တာ ဖြစ်ပြီး ချန်ပီယံလိဂ်ပြိုင်ပွဲမှာ ၁၁၅ဂိုး ၊ ကိုပါဒယ်ရေးပြိုင်ပွဲမှာ ၅၃ဂိုး ၊ စပိန်စူပါဖလားပြိုင်ပွဲမှာ ၁၄ဂိုး ၊ ဥရောပ စူပါဖလားမှာ ၃ဂိုး ၊ ကမ္ဘာ့ကလပ် ဖလားပြိုင်ပွဲမှာ ၅ဂိုး အသီးသီး သွင်းယူထားနိုင်ခဲ့ပါတယ်။ မက်ဆီဟာ ဂိုးသွင်းကောင်းတဲ့ တိုက်စစ်မှူး တစ်ဦး ဖြစ်ပေမယ့် အသင်းဖော်တွေ အတွက်လည်း ဂိုးဖန်တီးမှုပေါင်း များစွာ ပြုလုပ်ထားနိုင်ခဲ့သူ ဖြစ်ပြီး သူဟာ ဘာစီလိုနာအသင်းရဲ့ ကစားသမားဘဝမှာ စုစုပေါင်း ၂၇၉ဂိုးအထိ ဂိုးဖန်တီးမှု ပြုလုပ်ထားသူလည်း ဖြစ်ပါတယ်။ ဒါပေမယ့် အသက်အရွယ် ရလာပြီ ဖြစ်တာကြောင့် မက်ဆီဟာ ယခင်ကလို အသင်းရဲ့ တိုက်စစ်ပိုင်းမှာ နေရာအစုံကို ရွေ့လျားကာ ကစားတာမျိုးထက် နေရာတစ်နေရာထဲမှာ သတ်သတ်မှတ်မှတ် ကစားဖို့ လိုအပ်လာခဲ့ပါတယ်။

Photo Credit: Goal

မက်ဆီရဲ့ မဟာပြိုင်ဘက် ရိုနယ်ဒိုဟာလည်း အသက် ၃၀ ကျော်လာတဲ့ အချိန်မှာ တောင်ပံတိုက်စစ်မှာ ကစားနေရာ ကနေ အထောင်တိုက်စစ်မှူး အဖြစ် ပြောင်းလဲ ကစားခဲ့ပြီး လက်ရှိမှာတော့ မက်ဆီဟာ အသင်းရဲ့ တိုက်စစ်ပိုင်းမှာ နေရာစုံ လိုက်ကစားရတာထက် ကွင်းလယ်တိုက်စစ်နဲ့ ညာတောင်ပံမှာသာ ကစားဖို့ ဆန္ဒရှိနေကြောင်း မက်ဆီနဲ့ နီးစပ်သူတွေက ဖွင့်ဟ ထားကြပါတယ်။ မက်ဆီကတော့ သူဟာ သွင်းဂိုးတွေ ရဖို့ထက် အသင်းရလဒ် ကောင်းဖို့ကိုသာ အာရုံစိုက်ထားတယ် လို့ နောက်ဆုံး ပြုလုပ်ခဲ့တဲ့ အင်တာဗျူးမှာ ဖွင့်ဟ ပြောကြား သွားပါတယ်။ မက်ဆီက “ အခုချိန််မှာ ကျွန်တော်က သွင်းဂိုးတွေ သွင်းယူချင်တဲ့စိတ် နည်းလာပါပြီ။ အဲ့ဒီအစား အသင်းအတွက် ကျွန်တော် တတ်နိုင်သလောက် အကောင်းဆုံး ကြိုးစားပေးချင်ပါတယ် “ လို့ ထုတ်ဖော် ပြောကြားသွားတာပါ။