စပိန် လာလီဂါ အင်အားကြီးအသင်း ဖြစ်တဲ့ ဘာစီလိုနာအသင်းရဲ့ အဓိက ကစားသမား ဖြစ်တဲ့ တိုက်စစ်မှူး လီယွန်နယ် မက်ဆီဟာ ငယ်စဉ်ကတည်းက ကစားလာခဲ့တဲ့ ဘာစီလိုနာအသင်း ကနေ ထွက်ခွာဖို့ စဉ်းစားနေပြီ လို့ စပိန်ဘောလုံး ကျွမ်းကျင်သူ ဂရေဟမ် ဟမ်တာက ဖွင့်ဟ ပြောကြား သွားခဲ့ပါတယ်။ ဘာစီလိုနာအသင်းဟာ ပြီးခဲ့တဲ့ သီတင်းပတ်မှာ ကစားခဲ့တဲ့ ချန်ပီယံလိဂ် ကွာတားဖိုင်နယ် ပွဲစဉ်မှာ ဘိုင်ယန်မြူးနစ် အသင်းကို ၈-၂ ဆိုတဲ့ ရလဒ်နဲ့ ဆိုးဆိုးရွားရွား အရေးနိမ့်ခဲ့ပြီး အဆိုပါပွဲစဉ် အပြီးမှာတော့ အဝတ်လဲခန်းထဲမှာ စိတ်ပျက်လက်ပျက် ထိုင်နေတဲ့ မက်ဆီကို တွေ့မြင်ခဲ့ရကာ မက်ဆီဟာ ဘာစီလိုနာအသင်းကနေ ထွက်ခွာဖို့ အထိ စဉ်းစားနေပြီ ဆိုတဲ့ သတင်းတွေ ကျယ်ကျယ်ပြန့်ပြန့် ထွက်ပေါ် လာခဲ့ပါတယ်။

 

Photo Credit: Sky Sports

ကမ္ဘာ့အကောင်းဆုံး ကစားသမားဆုကို ၆ကြိမ် တိုင်တိုင် ဆွတ်ခူးထားနိုင်ခဲ့တဲ့ လီယွန်နယ် မက်ဆီဟာ ဘောလုံးသမိုင်းရဲ့ အကောင်းဆုံး ကစားသမားတွေထဲက တစ်ဦးအဖြစ် သတ်မှတ် ခံထားရသူ ဖြစ်ပြီး အသက်၃၃နှစ် အရွယ် ရှိနေပြီ ဖြစ်ပေမယ့် အကောင်းဆုံး ခြေစွမ်းတွေကို ပိုင်ဆိုင် ထားနိုင်ဆဲ ဖြစ်ကာ သူ့ကို ခေါ်ယူဖို့ စိတ်ဝင်စားနေတဲ့ အသင်းတွေ အများအပြား ရှိနေပါတယ်။ ဘာစီလိုနာအသင်းရဲ့ ဥက္ကဌ ဖြစ်သူ ဘာတိုမြူကတော့ မက်ဆီကို ထွက်ခွာခွင့် ပေးမှာ မဟုတ်ဘူးလို့ ဆိုထားပေမယ့် မက်ဆီဟာ ဘာစီလိုနာအသင်းရဲ့ ဘုတ်အဖွဲ့ထံ အသင်းကနေ ထွက်ခွာခွင့် တောင်းခံထားကြောင်း အတွင်းသတင်းတွေ အရ သိထားရပြီး ဘာစီလိုနာအသင်းကနေ မက်ဆီ ထွက်ခွာချင်တဲ့ တစ်ခုတည်းသော အကြောင်းပြချက်ဟာ ချန်ပီယံလိဂ်ဖလားကို လိုချင်တာကြောင့် ဖြစ်ကြောင်း ဂရေဟမ် ဟမ်တာက Sky Sports သတင်းဌာနကို ပြောကြားသွားခဲ့ပါတယ်။

Photo Credit: Sky Sports

ဘာစီလိုနာအသင်းကနေ ထွက်ခွာချင်နေတဲ့ မက်ဆီရဲ့အကြောင်းကို ဟမ်တာက ” မက်ဆီဟာ အသက်၃၃နှစ်သာ ရှိသေးတာကြောင့် သူသာ စိတ်ဓာတ် တက်ကြွနေပြီး ကြံ့ခိုင်မှု ပြည့်ဝနေရင် နောက်ထပ် သုံးရာသီ ၊ လေးရာသီလောက် အကောင်းဆုံး ကစားနိုင်ဦးမှာပါ။ မက်ဆီရဲ့ စာချုပ်အရ လက်ရှိမှာတော့ သူ့အနေနဲ့ ဘာစီလိုနာအသင်း ကနေ အလွတ် ပြောင်းရွှေ့ကြေးနဲ့ ထွက်ခွာခွင့် ရမှာ မဟုတ်ပါဘူး။ ပြီးခဲ့တဲ့ နှစ်ရာသီ ၊ သုံးရာသီမှာတော့ မေလ ရောက်တိုင်း မက်ဆီအနေနဲ့ အလွတ် ပြောင်းရွှေ့ကြေးနဲ့ ထွက်ခွာခွင့် ရခဲ့ပါတယ်။ ဘုတ်အဖွဲ့ကတော့ သူတို့မှာ မက်ဆီကို ထိန်းသိမ်းထားနိုင်ဖို့ အခွင့်အရေး ရှိသမျှ မက်ဆီကို ထိန်းသိမ်းဖို့ ဆန္ဒရှိနေမှာ သေချာပါတယ်။ ကျွန်တော့် အထင်တော့ လာမယ့် မေလအထိပေါ့။ ဒါပေမယ့် တစ်ဖက်မှာလည်း သူတို့အနေနဲ့ အဲ့ဒီလို အကျပ်ကိုင်မယ် ဆိုရင် မက်ဆီရဲ့ အကောင်းဆုံး ခြေစွမ်းကို ရဖို့ ခက်ခဲပါလိမ့်မယ် ”

Photo Credit: Sky Sports

” မက်ဆီကို လိုချင်တဲ့ အသင်းတွေကတော့ ပြောင်းရွှေ့ကြေး ယူရို၁၀၀သန်းလောက် ပေးချေရမယ့် အနေအထားမှာ ရှိပါတယ်။ အသက် ၃၃နှစ် အရွယ် ကစားသမား တစ်ယောက် အတွက် ယူရို၁၀၀သန်း ပေးချေရမှာ ဆိုပေမယ့် မက်ဆီကို ခေါ်ချင်တဲ့အသင်းတွေက နှစ်သင်းလောက် ရှိနေပါတယ်။ မက်ဆီဟာ ငွေကြေးကြောင့် ဘာစီလိုနာအသင်းကို စွန့်ခွာချင်နေတာ မဟုတ်ပါဘူး။ သူဟာ ချန်ပီယံလိဂ်ဖလားကို လိုချင်တာကြောင့် အသင်းကနေ ထွက်ခွာချင်နေတာပါ ” လို့ ပြောပြသွားခဲ့ပါတယ်။