ဘာစီလိုနာအသင်းနဲ့ အာဂျင်တီးနားအသင်း တို့ရဲ့ အဓိက တိုက်စစ် ကစားသမား ဖြစ်တ​ဲ့ လီယွန်နယ် မက်ဆီဟာ ယမန်နေ့က ကစားခဲ့တဲ့ ဗယ်လာဒိုးလစ်အသင်းနဲ့ ဘာစီလိုနာအသင်းတို့ရဲ့ ပွဲစဉ်မှာ အသင်းအတွက် တစ်လုံးတည်းသော သွင်းဂိုး ဖြစ်တဲ့ ဗီဒယ်ရဲ့ သွင်းဂိုးကို ဖန်တီးပေး အပြီးမှာတော့ စပိန်လာလီဂါ ပြိုင်ပွဲမှာ ဘယ် ကစားသမားမှ မရရှိဖူးတဲ့ စံချိန်သစ်တစ်ခုကို ရရှိခဲ့ကြောင်း သိရပါတယ်။ ဗယ်လာဒိုးလစ် အသင်းရဲ့ အိမ်ကွင်းမှာ ကစားခဲ့ရတဲ့ အဆိုပါ ပွဲစဉ်မှာ ဘာစီလိုနာအသင်းဟာ အမှတ်ပေး ဇယားရဲ့ ထိပ်ဆုံးကနေ ဦးဆောင်နေတဲ့ ရီးရဲလ် မက်ဒရစ်အသင်းကို အမှီလိုက်ဖို့ အနိုင်ရလဒ် လိုအပ်နေခဲ့ပြီး ဗယ်လာဒိုးလစ်အသင်းရဲ့ မာကျောတဲ့ တုံ့ပြန်မှုတွေကြောင့် သွင်းဂိုးတွေ များများစားစား မရခဲ့ပဲ ကွင်းလယ်လူ ဗီဒယ်ရဲ့ တစ်လုံးတည်းသော သွင်းဂိုးနဲ့ ဗယ်လာဒိုးလစ်အသင်း ကို အနိုင်ရရှိခဲ့ပါတယ်။

Photo Credit: Marca

မက်ဆီဟာ အနိုင်ဂိုးရှင် ဖြစ်တဲ့ ဗီဒယ်ရဲ့ သွင်းဂိုးကို ဖန်တီးပေးနိုင်ခဲ့ပြီး အဆိုပါ ဂိုးဖန်တီးမှုကြောင့် လက်ရှိ လာလီဂါ ဘောလုံးရာသီမှာ မက်ဆီဟာ ဂိုးဖန်တီးမှု အကြိမ် ၂၀ ပြည့်သွားခဲ့ပြီး လာလီဂါ ဘောလုံးရာသီ တစ်ခုအတွင်းမှာ သွင်းဂိုး ၂၀ + ဂိုးဖန်တီးမှု ၂၀ကြိမ် ပြုလုပ်နိုင်ခဲ့တဲ့ ပထမဦးဆုံး လာလီဂါ ကစားသမား အဖြစ် မှတ်တမ်းဝင်ခဲ့ကြောင်း သိရပါတယ်။ မက်ဆီဟာ လက်ရှိ ဘောလုံးရာသီမှာ လာလီဂါပွဲစဉ် ၃၁ပွဲအထိ ပါဝင် ကစားပေးထားပြီး သွင်းဂိုး ၂၂ဂိုး သွင်းယူထားနိုင်ခဲ့သလို ဂိုးဖန်တီးမှု ၂၀ အထိ ဖန်တီးပေးပို့ ထားနိုင်ခဲ့သူပါ။ ဒါ့အပြင် မက်ဆီဟာ ဥရောပတိုက် တစ်ခုလုံးမှာတော့ အဆိုပါ သွင်းဂိုး ၂၀ + ဂိုးဖန်တီးမှု ၂၀ ကြိမ် ပြုလုပ်နိုင်ခဲ့တဲ့ မှတ်တမ်းကို ရရှိတဲ့ ဒုတိယမြောက် ကစားသမားအဖြစ် မှတ်တမ်း ဝင်ခဲ့ပါတယ်။

Photo Credit: Marca

မက်ဆီထက် အရင် သွင်းဂိုး၂၀+ ဂိုးဖန်တီးမှု ၂၀ကြိမ် ကို လိဂ်ရာသီ တစ်ခုအတွင်းမှာ ပြုလုပ် နိုင်ခဲ့တဲ့ ကစားသမားကတော့ အာဆင်နယ် ၊ ဘာစီလိုနာနဲ့ ပြင်သစ်အသင်းတို့ရဲ့ ဂန္တဝင် ကစားသမားကြီး သီယာရီ အွန်နရီ ဖြစ်ပြီး အွန်နရီဟာ ၂၀၀၂-၂၀၀၃ ပရီးမီးယားလိဂ် ဘောလုံးရာသီမှာ သွင်းဂိုး ၂၄ဂိုး သွင်းယူကာ ဂိုးဖန်တီးမှု ၂၀ကြိမ် ပြုလုပ်နိုင်ခဲ့သူပါ။ ဒါ့အပြင် မက်ဆီဟာ ၂၀၀၈-၂၀၀၉ ဘောလုံးရာသီ မှာ ဂိုးဖန်တီးမှု ၂၀ကြိမ် ပြည့်ခဲ့တဲ့ ဘာစီလိုနာအသင်းရဲ့ ဂန္တဝင် ကွင်းလယ်လူကြီး ဇာဗီ ခေတ်လွန်မှာ လာလီဂါ ဘောလုံးရာသီ တစ်ရာသီအတွင်း ဖန်တီးမှု ၂၀ကြိမ် ပြည့်မြောက်တဲ့ ပထမဦးဆုံး ကစားသမားအဖြစ်လည်း မှတ်တမ်း ဝင်ခဲ့ပါသေးတယ်။ အသက်၃၃နှစ်အရွယ် ရှိနေပြီ ဖြစ်ပေမယ့် မက်ဆီဟာ ဘာစီလိုနာအသင်းရဲ့ မရှိမဖြစ် ကစားသမား တစ်ဦးအဖြစ် ရှိနေဆဲ ဆိုတာကို သူ့ရဲ့ မှတ်တမ်းမှတ်ရာတွေက ဖော်ပြနေခဲ့ပါတယ်။